Home
မြန်မာသတင်း
အကြမ်းဖက်စစ်တပ် ထောက်ခံပွဲအတွက် YBS ယာဉ်အစီး ၇၀ ကျော် ချောဆွဲ
DVB
·
August 6, 2024

ရန်ကုန်မြို့မှာ ဒီနေ့မနက်ပြုလုပ်တဲ့ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲနဲ့ MNDAA ဆန့်ကျင်ပွဲအတွက် ရန်ကုန်တိုင်းစစ်ကောင်စီက YBS ကားနဲ့ မီနီဘတ်စ်ကား ၉၁ စီးကို ချောဆွဲအသုံးပြုခဲ့တယ်လို့ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ ပေါက်ကြားခဲ့တဲ့ အကြောင်းကြားစာအ ရသိရပါတယ်။

ကိုးကန့်တပ် (MNDAA) ကို ကန့်ကွက်ရှုတ်ချတဲ့ပွဲအတွက် ကြို/ပို့ပြုလုပ်ပေးဖို့ YBS အများပိုင်ကုမ္ပဏီတွေဆီက ခရီးသည်တင်ယာဥ် ၇၂ စီးနဲ့ YRTCရဲ့Mini Busယာဥ် ၁၉ စီးတို့ကို ရန်ကုန်တိုင်း စစ်ကောင်စီက တောင်းခဲ့တာလို့ ဆိုပါတယ်။

အဲဒီပွဲအတွက် အသုံးပြုမယ့် YBS ယာဥ် ၇၂ စီးအတွက် CNG သဘာဝဓာတ်ငွေ့ ဦးစားပေး ရောင်းချပေးဖို့ကို YRTC က မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဥ်သုံး သဘာဝဓာတ်ငွေ့ဌာနဆီ ထပ်ဆင့် အကူအညီတောင်းခံထားတာပါ။

အဲဒီ စစ်တပ်ထောက်ခံသူတွေနဲ့ မျိုးချစ်အင်အားစုတွေ ပြုလုပ်တဲ့ ပွဲအတွက် ပုဂ္ဂလိကပိုင် ဘတ်စ်ကားတွေကို ချောဆွဲစေခိုင်းတဲ့အပေါ် ယာဥ်မောင်းတွေကြား ဝေဖန်နေကြသလို လိုက်မောင်းပေးဖို့ ငြင်းဆိုတာတွေရှိတယ်လို့ ယာဥ်မောင်းတချို့က ပြောပါတယ်။

YBPC အများပိုင်ဘတ်စ်ကားကုမ္ပဏီမှ ယာဥ်မောင်းတဦးက “ဒီနေ့ချောအတွက် လိုက်မောင်းပေးဖို့ တော်တော်များများဆန္ဒမရှိဘူး။ မောင်းပို့ပေးရမယ့်ပွဲက အားလုံးသိတဲ့ အတိုင်းပဲလေ။ ကလိမ်ကကျစ်ကောင်တွေကို တင်ရမှာ စိတ်မသန့်ကြဘူး။ ငြင်းမရတဲ့သူတွေကတော့ လိုက်ရတာပေါ့။ ကိုယ်တွေကိုတော့ မခေါ်ပါဘူး။ ခေါ်လည်းလိုက်မမောင်းဘူး” လို့ ပြောပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်တဲ့ စစ်တပ်ထောက်ခံပွဲနဲ့ MNDAA ကန့်ကွက်ရှုတ်ချပွဲကို မနက် ၉ နာရီမှာစတင်ခဲ့ပြီး တက်ရောက်တဲ့ အင်အားရာဂဏန်းရှိတယ်လို့ ကျောက်တံတားမြို့နယ်အတွင်း နေထိုင်သူတဦးက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ သူတို့စီစဥ်တဲ့ပွဲ၊ အခမ်းအနားတွေအတွက် အခုလို ပုဂ္ဂလိကပိုင် YBS တွေ ချောဆွဲတာတွေရှိပေမဲ့ အခုတကြိမ် ခေါ်တဲ့အရေအတွက်က အရင်ကထက် များတယ်လို့လည်း ယာဥ်လိုင်းတချို့က ဆိုပါတယ်။

စစ်ကောင်စီဟာ လားရိူးမြို့ကို လက်လွှတ်လိုက်ရပြီးနောက် MNDAA အပေါ်အပြစ်ဖို့ပြီး စစ်တပ်ရဲ့ အပြစ်ဖုံးကွယ်နိုင်ဖို့အတွက် အခုလို ကန့်ကွက်ပွဲတွေလုပ်လာတာပါ။

အဲဒီလို စစ်ကောင်စီကို ခုခံနေသူတွေအား ပြည်သူတွေစုပေါင်းကန့်ကွက်ကြဖို့ကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လိူင်က မနေ့ကထွက်ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013