မန္တလေးတိုင်း၊ မိုးကုတ်မြို့နဲ့ အမရပူရမြို့တွေမှာ အောက်တိုဘာလကစပြီး ဆိုင်ကယ်တစီးကို အမျိုးသား နှစ်ယောက် စီးတာ၊ အမျိုးသမီးမောင်းနှင်တဲ့ ဆိုင်ကယ်နောက် အမျိုးသားလိုက်စီးတာ တို့ကို စစ်ကောင်စီက ပိတ်ပင်တားမြစ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့ထဲမှာ အောက်တိုဘာ ၁ ရက်ကစပြီး စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေ ကတဆင့် လိုက်လံ ကြေညာနေတာလို့ ဒေသခံတဦးက ပြောပါတယ်။
"အရင်က တခြားမြို့တွေမှာပဲ သတ်မှတ်တာလေ၊ ခုက မိုးကုတ်ကိုပါ သတ်မှတ်လိုက်ပြီ။ စစ်တပ်ကတော့ လိုက်မပြောဘူး၊ အုပ်ချုပ်ရေးမှူးတွေကတဆင့် သိရတာပါပဲ။ မြို့အထွက် ဂွေးပင်စစ်တပ်ဂိတ်ကလည်း ယောကျာ်းလေးနှစ်ယောက်တစီးပေးမသွားဘူး။"
မိုးကုတ်မြို့အတွင်း စစ်ကောင်စီတပ်က အောက်တိုဘာ ၁ ရက်နေ့မှာ ဆိုင်ကယ်အပြင် ဖုန်းတွေပါ စစ်ဆေးပြီး တချို့ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒေသခံတဦးက "ခုလို လုပ်လိုက်တော့ ကယ်ရီသမားတွေလည်း ခက်ခဲမယ်၊ သက်ကြီးရွယ်အိုတွေလည်း ခက်ခဲမယ်လေ။ ဘာကြောင့် ခုလိုလုပ်တာလဲဆိုတာ မသိရဘူး၊ သူတို့တားထားတာကိုစီးရင် ထောင်ဒဏ်ကော၊ ဒဏ်ငွေကော ပြောတာပဲ၊ ဘယ်လောက်သတ်မှတ်ထားတယ်ဆိုတာ မသိရသေးဘူး" လို့ ပြောပါတယ်။
မိုးကုတ်မြို့မှာ စက်တင်ဘာ ၁၀ ရက်ကစတင်ပြီး စစ်ကောင်စီတပ်စစ်သားတွေနဲ့ TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ကျေးရွာလေးရွာက ဒေသခံ ၄၀၀ ကျော် နေရပ်စွန့်ခွာ စစ်ရှောင်နေရပါတယ်။
အမရပူရမြို့နယ်မှာလည်း ဆိုင်ကယ်ကို အလားတူ မစီးဖို့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးမှူးတွေက အောက်တိုဘာ ၂ ရက်မှာ လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြေညာချက်အရ ဆိုင်ကယ်တစီးမှာ အမျိုးသား နှစ်ယောက်မစီးရသလို၊ အမျိုးသမီးတယောက် နောက်မှာ အမျိုးသားတယောက်မစီးဖို့ တားမြစ်တာဖြစ်ပြီး အမျိုးသမီး နှစ်ယောက် စီးခွင့်ပြုသလို အမျိုးသား တယောက်နောက်မှာ အမျိုးသမီးတယောက် လိုက်ပါစီးနင်းနိုင်ပါတယ်။
အမရပူရမြို့ခံတဦးက"ဒီမနက်အစောပိုင်းကပဲ လိုက်ကြေညာတာ။ အချိန်အတိအကျတော့မပါဘူး။ သူတို့ ပြန်မကြေညာခင်အထိ အမိန့်စာတည်နေဦးမယ်လို့ အော်သွားတယ်။ ဒီလိုကန့်သတ်ချက်တွေ ဖြစ်တော့ အခက်အခဲတော်တော် ဖြစ်တာပေါ့။ ကျနော်တို့ညီကို နှစ်ယောက်ဆို အရင်က ဆိုင်ကယ်တစီးနဲ့တူတူ အလုပ်သွားတာ။ အခုဆို အလုပ်ရှုပ်သွားရော။ သူတို့ ကြေညာတယ်ဆိုတော့ လက်ခံမှပဲရမှာပေါ့။ ကိုက လက်မခံရင်လည်း ထောင်ချခံရမှာလေ" လို့ပြောပါတယ်။
အမရပူရမြို့နယ်ရှိ စစ်ကောင်စီအခြေစိုက်ရာ နေရာတွေ၊ စစ်ကောင်စီအုပ်ခန့်အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးဒလန်တွေကို ဆိုင်ကယ်နဲ့ မကြာခဏတိုက်ခိုက်မှုတွေရှိခဲ့လို့ ဆိုင်ကယ်စီးနင်းခွင့်ကို ကန့်သတ်ပိတ်ပင်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်းထဲမှာရှိတဲ့ မန္တလေးမြို့အပါအဝင် မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ဝမ်းတွင်းမြို့တို့မှာ ဆိုင်ကယ်စီးတာကို စစ်ကောင်စီကကန့်သတ်ထားသလို ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းထဲမှာလည်း အလားတူ ကန့်သတ်ထားပါတယ်။