စစ်ကိုင်းတိုင်းအနောက်ပိုင်း၊ ကလေး၊ ကဘော်ဒေသမှာ အခြေစိုက်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ Chinland Defense Force -Kalay,Kabaw,Gangaw (CDF-KKG) တပ်ရင်း-၃ စခန်းဟာ မိုးရွာသွန်းမှုကြောင့် ပျက်စီးသွားတယ်လို့ တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
စစ်ကိုင်းအနောက်ပိုင်းမှာ မိုးရွာသွန်းနေတာ သီတင်း တပတ်လောက်ရှိနေပြီဖြစ်ပြီး အောက်တိုဘာ ၁ ရက်နေ့မှာ CDF-KKG ရဲ့ တပ်ရင်း-၃ စခန်း ရေမြုပ်ပျက်စီးခဲ့ပါတယ်။
ရေနစ်မြုပ်မှုကြောင့် CDF-KKG တပ်ရင်း-၃ စခန်းရဲ့ စားဖိုဆောင်နဲ့ လူနေအဆောင် ၃ ဆောင်၊ ရဲဘော်တွေရဲ့ အသုံးအဆောင်ပစ္စည်း၊ ဆိုင်ကယ်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မိုးရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံဖြစ်ပေါ်ပြီး သွားရေးလာရေးအတွက် တည်ဆောက်ထားတဲ့ စခန်းအနီးက တံတားတချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
CDF-KKG ပြန်ကြားရေးတာဝန်ခံက “အဓိကတော့ စားဖိုဆောင် ရေမြုပ်သွားတော့ အိုးခွက်ပန်းကန်တွေ အကုန်ရေထဲပါကုန်တာပေါ့၊ ရဲဘော်တွေရဲ့ အသုံးအဆောင် ပစ္စည်းတွေပါတယ်။ စောင်၊ ခြင်ထောင်တွေ ရေထဲပါကုန်တယ်၊ ဆိုင်ကယ်တွေလည်း ရေမြုပ်ပျက်စီးခဲ့တယ်”လို့ ပြောပါတယ်။
ပျက်စီးဆုံးရှုံးမှုတွေအတွက် ရဲဘော်တွေရဲ့ လုပ်အားနဲ့ ကိုယ်ထူကိုယ်ထ ပြုပြင်ကြမှာဖြစ်တယ်လို့ CDF-KKG ကတေဆိုပါတယ်။