Home
နိုင်ငံတကာ
တူရကီရှိ အစိုးရအဆောက်အအုံများ ဗုံးခွဲ တိုက်ခိုက်ခံရ
DVB
·
October 2, 2023
00000

တူရကီနိုင်ငံ၊ အန်ကာရာမြို့တော်ရဲ့  အစိုးရအဆောက်အအုံတွေရှေ့မှာ အကြမ်းဖက်သမား နှစ်ယောက်က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့  အောက်တိုဘာ ၁ ရက်မှာ ပြည်ထဲရေးဝန်ကြီးက အတည်ပြုပါတယ်။ 

ပေါက်ကွဲမှုမှာ အကြမ်းဖက်သမား တယောက် သေဆုံးပြီး တခြားတယောက်ကိုတော့ အခင်းဖြစ်ရာနေရာမှာပဲ အာဏာပိုင်တွေက အသေပစ်ခတ်ရှင်းလင်းလိုက်တယ်လို့  တူရကီအစိုးရက ပြောပါတယ်။

တူရကီပါလီမန်နဲ့ ဝန်ကြီးဌာနဆိုင်ရာ အဆောက်အအုံတွေအနီးမှာ ပေါက်ကွဲသံ တခု ထွက်ပေါ်    လာခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေရဲ့ အစောပိုင်းဖော်ပြချက်အရ သိရပါတယ်။ 

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနအနီးက လမ်းတွေပေါ်မှာလည်း လက်နက်ကိုင် ရဲအရာရှိတွေနဲ့အတူ လူနာတင်ယာဉ်တွေကိုပါ ဗီဒီယိုမှတ်တမ်းအရ တွေ့ရပါတယ်။ 

ဒေသစံတော်ချိန် မနက် ၉ နာရီခွဲက ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုအတွင်း ရဲအရာရှိ နှစ်ယောက် အနည်းငယ် ဒဏ်ရာရရှိသွားတယ်လို့ အိတ်စ်လူမှုကွန်ရက်ပေါ်မှာ ပြည်ထဲဝန်ကြီး အလီ ယာလီကာရာက ထုတ်ပြန်ထားပါတယ်။ 

အန်ကာရာရဲ့  အစိုးရရှေ့နေချုပ်ကတော့ အကြမ်းဖက်တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးမှု စတင်နေပြီလို့ ပြောပေမဲ့ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုပြီး  အာဏာပိုင်တွေက အတိအကျထုတ်ဖော် ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။

ဒီပေါက်ကွဲမှုဟာ ၂၀၆ ခုနှစ်နောက်ပိုင်း အန်ကာရာမြို့တော်မှာ ပထမဆုံးဖြစ်ပြီး လွှတ်တော်အစည်းအဝေးအသစ်ဖွင့်မယ့်နေ့မှာ ဖြစ်ခဲ့တာပါ။

၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း ကာ့ဒ်စစ်သွေးကြွတွေ၊ အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အဲ့စ်စစ်သွေးကြွတွေနဲ့ တခြားအဖွဲ့တွေက တူရကီမြို့ကြီး တွေမှာ တိုက်ခိုက်မှု အများအပြားပြုလုပ်ခဲ့ဖူးပါတယ်။

၂၀၁၆ ခုနှစ် မတ်လမှာ မြို့တော်အန်ကာရာက လူစည်ကားတဲ့ သယ်ယူပို့ဆောင်ရေး ဗဟိုချက်ကျတဲ့နေရာတခုမှာ  ဗုံးထောင်ထားတဲ့ ကားတစ်စီး ပေါက်ကွဲခဲ့လို့ လူ ၃၇ ဦး သေဆုံးခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024