စစ်ကောင်စီက ဒီနေ့ဖွင့်လှစ်တဲ့ အောင်ဘာလေအွန်လိုင်းထီဖွင့်ပွဲမှာ အမြင့်ဆုံးဆုအနေနဲ့ ကျပ်သိန်း ၅၀၀ ဆုပဲပေးနိုင်ခဲ့ပါတယ်။
စက်တင်ဘာလမှာရောင်းချခဲ့တဲ့ အောင်ဘာလေထီလက်မှတ်တွေအတွက် ဒီနေ့မှာ ထီဖွင့်ပွဲပြုလုပ်ခဲ့တာဖြစ်ပြီး ပုံနှိပ်ထီနဲ့ အွန်လိုင်းထီကိုခွဲခြားဖွင့်လှစ်ခဲ့တာပါ။
ပုံနှိပ်ထီကို မနက် ၈ နာရီမှာ ဖွင့်လှစ်ခဲ့ပြီး အာဏာသိမ်းကာလမှာ သတ်မှတ်ထားတဲ့ အမြင့်ဆုံး ကျပ်သိန်း ၅,၀၀၀ ဆု ဆက်ပေးနိုင်ခဲ့ပေမယ့် အွန်လိုင်းထီကိုတော့ ကျပ်သိန်း ၅၀၀ ပဲ ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ထီကိုယ်စားလှယ်တယောက်က “အွန်လိုင်းထီက ရောင်းအားလည်းမရှိတော့ ဆုကြီးပေးနိုင်မယ့် အနေအထားမရှိဘူး။ ဆုအသေးတွေပဲထုတ်နိုင်တော့ ကြာရင် ဆက်ဖွင့်နိုင်ဖို့တောင် မလွယ်လောက်ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီက အောင်ဘာလေ အွန်လိုင်းထီကို ဇွန်လက စတင်ခဲ့ပြီး အက္ခရာ ၆ လုံး ထုတ်ရောင်းခဲ့တာဖြစ်ပါတယ်။
အလားတူ ပုံနှိပ်ထီကိုလည်း အက္ခရာ ၆ လုံး ထုတ်ရောင်းခဲ့ပြီး ဝယ်ယူသူ နည်းပါးတာကြောင့် ၃ လဆက်တိုက် ရောင်းမကုန် ထီလက်မှတ် အများအပြား ကျန်ရှိခဲ့တယ်လို့ ထီလောက အသိုင်းအဝိုင်းက ဆိုပါတယ်။
စက်တင်ဘာလမှာ ထီ ၂ မျိုးပေါင်း အက္ခရာ ၁၀ လုံးပဲထုတ်ခဲ့ပြီး ပုံနှိပ်ထီက ထီလက်မှတ် ၇၅ ရာခိုင်နှုန်းနဲ့ အွန်လိုင်းထီက ၂၅ ရာခိုင်နှုန်း ခွဲဝေရောင်းချခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ထီဖွင့်ပွဲမှာ ထီအမျိုးအစားတခုချင်းစီ ရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ် ခွဲဝေပေးသွားမှာလို့ အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာထားပါတယ်။
စစ်ကောင်စီက ရောင်းအားကျနေတဲ့ အောင်ဘာလေထီကို စျေးကွက်ပြန်မြှင့်တဲ့အနေနဲ့ အွန်လိုင်းထီစနစ် အသုံးပြုခဲ့ပေမယ့် ထီစျေးကွက်မှာ ထူးခြားမလာဘူးလို့ ထီဝါသနာရှင်တွေက ဆိုပါတယ်။
ထီထိုးသူတယောက်က “အာဏာသိမ်းပြီးကတည်းက ထီကိုမထိုးတော့တာ၊ ခေတ်ကောင်းမှပြန်ထိုးမယ်” လို့ ပြောပါတယ်။
စစ်အာဏာသိမ်တာကို ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူအများစုက အောင်ဘာလေထီကို သပိတ်မှောက်ထားကြတာဖြစ်ပြီး လက်ရှိထီရောင်းအားဟာ အာဏာမသိမ်းခင်ကထက် ၈၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။