ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရွာလူကြီးတွေကို အင်းမမြို့၊ ခြေမြန်တပ်ရင်း အမှတ် ၅ ရဲ့ တပ်ရင်းမှူးက ပြည်သူ့စစ်သင်တန်းတက်ရောက် ခိုင်းထားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့က အင်းမမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် ၆၆ လက်အောက်ခံ ခမရ ၅ တပ်ရင်းမှူး သဲကုန်းမြို့ကို ရောက်ရှိလာပြီး အထွေထွေ အုပ်ချုပ်ရေးလက်အောက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးရွာလူကြီးတွေ စစ်သင်တန်းတက်ရောက်ရမှာဖြစ်ပြီး လက်နက်တွေလည်း တပ်ဆင်ပေးမယ်လို့ ပြောခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
သဲကုန်းမြို့နယ်အတွင်းနေထိုင်သူ တယောက်က “စစ်သင်တန်းက မတက်မနေကို တက်ရမှာလို့ ပြောတယ်။ တချို့က ပြေးဖို့တောင်လုပ်နေကြတယ်။ ရွာလူကြီး တချို့ဆို အသက်ကြီးသူတွေတောင်ပါတယ်။ သူတို့ ကျန်းမာရေးအခြေအနေအရ သင်တန်းတက်ဖို့ မဖြစ်နိုင်လို့ ငွေပေးပြီး လူစားထိုးဖို့တောင် လုပ်နေကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
သဲကုန်းမြို့နယ်ထဲမှာရှိတဲ့ သဲကုန်း၊ ပုတီးကုန်း၊ ဆင်မြီးဆွဲ၊ အင်းမမြို့တို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးရွာလူကြီးအားလုံး ပြည်သူ့စစ် သင်တန်း တက်ရောက်ရမယ်လို့ သိရပါတယ်။
အခုလို အတင်းအကြပ် စစ်သင်တန်းတက်ရောက်ခိုင်းတာဟာ ပဲခူးရိုးမထဲမှာ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီခြေမြန်တပ်ရင်းမှာ အင်အားလျော့နည်းလာတာကြောင့် ဖြစ်မယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း အင်းမမြို့ ၆၆ တပ်ထဲက လေယာဉ်ကွင်းမှာ ကြံ့ခိုင်ရေးပါတီဝင် အယောက် ၂၀ ကို ၅ ယောက်ကို သေနတ် ၁ လက်နှုန်းနဲ့ စစ်ယူနီဖောင်းတွေလည်းပေးပြီး စစ်သင်တန်းပေးခဲ့တယ်လို့ သိရပါတယ်
စက်တင်ဘာ ၂၉ ရက်နေ့ ပေါင်းတည်မြို့နယ်နဲ့ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ယောက် သေဆုံးခဲ့ပါသေးတယ်။
Photo Cj