ရုရှားရဲ့ကျူးကျော်စစ်ကို ယူကရိန်းအစိုးရက တွန်းလှန်ဖို့ လက်နက်ထောက်ပံ့မှု တိုးမြှင့်ရေး အနောက်လက်နက် ထုတ်လုပ်သူတွေနဲ့ မိတ်ဖက်ပြုခြင်းအားဖြင့် ကြီးမားတဲ့ စစ်ဘက် အချက်အချာ ဖြစ်အောင် ယူကရိန်းကာကွယ်ရေးလုပ်ငန်းကို ပုံစံပြောင်းချင်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက စက်တင်ဘာ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားက အဆက်မပြတ် ဗုံးကြဲနေပေမဲ့ ယူကရိန်းမှာ လက်နက်တွေ တပ်ဆင် ပြုပြင်ခြင်းဆိုင်ရာ စက်မှုစွမ်းရည်တွေ ဖွံ့ဖြိုး တိုးတက်အောင် ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲ ဆိုတာ ဆွေးနွေးဖို့ နိုင်ငံတကာ ထုတ်လုပ်သူတွေကို ယူကရိန်း အစိုးရက ဖိတ်ခေါ် ကျင်းပတဲ့ အစည်းအဝေးအတွင်း ဇလန်းစကီးက ခုလို ပြောခဲ့တာပါ။
ယူကရိန်းဟာ အနောက်နိုင်ငံတွေရဲ့ ဘဏ္ဍာရေးနဲ့ စစ်ဘက်ဆိုင်ရာ ပံ့ပိုးကူညီမှုအပေါ် အလေးအနက် မှီခိုနေရပြီး ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလက ရုရှားကျူးကျော်မှု စတင်ချိန်ကစပြီး ခုလို အကူအညီ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရရှိခဲ့တာပါ။
ဒါပေမယ့် စစ်ပွဲကြောင့် လက်နက်နှင့် ခဲယမ်းမီးကျောက် လိုအပ်ချက်တွေ အဆက်မပြတ် တိုးပွားလာနေပါတယ်။
ဒီဖိုရမ်ကို နိုင်ငံပေါင်း ၃၀ ကျော်က လက်နက် ထုတ်လုပ်ရေးလုပ်ငန်းတွေရဲ့ အမှုဆောင်အရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။
တချို့က သူတို့ဟာ သိုလှောင်ကုန်စည်တွေကို အမြန် သုံးပစ်ခဲ့ပြီး ယူကရိန်းရဲ့ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ဖို့ ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရေး ထောက်ပံ့ရေး ပစ္စည်းတွေ ရှာဖို့ ရုန်းကန် ခဲ့ရတယ်လို့ ပြောခဲ့ကြပါတယ်။
Source/Photo-Reuters