ရုရှားနယ်စပ် ကာ့စ်ခ်ဒေသထဲကို ယူကရိန်းရဲ့ ကျူးကျော်ဝင်ရောက်မှုဟာ လိုချင်တဲ့ ရလဒ်အတိုင်း ထွက်လာပြီး ယူကရိန်းအရှေ့ဘက်ရှိ မော်စကိုရဲ့ ချီတက်မှုကို နှေးကွေးစေခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက စက်တင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
ကာ့စ်ခ် ဒေသမှာ ရုရှားရဲ့ တန်ပြန်တိုက်ခိုက်မှုဟာ ကြီးကြီးမားမား အောင်မြင်မှုမရှိသေးကြောင်း ဇလန်းစကီး က ပြောကြားခဲ့ပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် မျှော်လင့်ထားတဲ့အတိုင်း ရလဒ်တွေ ရရှိခဲ့ကြောင်းနဲ့ အလွန်ခက်ခဲတယ် ဆိုပေမဲ့လည်း ခါကိဗ်ဒေသမှာ ရန်သူတွေ ရပ်သွားခဲ့ပြီး ဒွန်နက်စ်ခ် ဒေသမှာ သူတို့ရဲ့ ချီတက်မှုက နှေးကွေးသွားခဲ့ပါတယ်။”
ယူကရိန်းဟာ သြဂုတ် ၆ ရက်က ကာ့စ်ခ်ဒေသထဲကို အံ့အားသင့်စရာ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ရုရှားပိုင်နက်ထဲကို ချီတက်ကာ ဒါဇင်နဲ့ချီတဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေကို ထိန်းချုပ်ထားတယ်လို့ အခိုင်အမာ ပြောပါတယ်။
လက်ရှိ ကာ့စ်ခ် ရှေ့တန်းမှာ တပ်ဖွဲ့ဝင် ၄၀၀၀ လောက်ရှိပြီး သူတို့က တန်ပြန်တိုက်ခိုက်မှုကို စတင်ခဲ့ကြောင်း၊ ဒါပေမဲ့ အခုချိန်ထိ အောင်မြင်မှု ကြီးကြီးမားမား မတွေ့ရသေးကြောင်းလည်း ဇီလန်းစကီးက ပြောဆိုပါတယ်။
ဇီလန်းစကီးဟာ ဒွန်နက်စ်ခ် အရှေ့ပိုင်းဒေသရှိ ထောက်ပံ့ပို့ဆောင်ရေး အချက်အခြာနေရာ ပေါ့ခ်ရော့ဗ်စ်ခ်အနီးမှ အခြေအနေမှာ ခက်ခဲနေခဲ့ပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း တိုးတက်မှုကျဆင်းသွားတာကိုလည်း အသိအမှတ်ပြုခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ သူ့တပ်ဖွဲ့တွေဟာ ကာ့စ်ခ်ဒေသမှ အခြေချရပ်ရွာ ၁၀ ခုကို ပြန်ထိန်းချုပ်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အီဂေါ ကိုနာရှန်ကို့ဗ် က စက်တင်ဘာ ၁၃ ရက်က ပြောကြားပါတယ်။
Source-Reuters