ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာမှာ ဧရာဝတီမြစ်ရဲ့ မြစ်လက်တက် မြစ်မခမြစ် ကမ်းပါးပြိုကျပြီး စေတီနဲ့ သိမ်တို့ ရေထဲပြိုကျလုဆဲဆဲ ဖြစ်နေပြီလို့ ရွှေခဲရွာသားတွေက ပြောပါတယ်။
မဟာရွှေခဲကျောင်းတိုက်ထဲမှာ တည်ထားကိုးကွယ်ထားတဲ့ ဥဒေန စေတီတော်မြတ်ကြီးဟာ ကမ်းပါးပြိုတဲ့အထဲ ပါသွားမဲ့အနေအထားဖြစ်နေလို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်က ထီးတော်ကို ပြန်ချထားလိုက်ရပါတယ်။
ရွှေခဲကျေးရွာဆရာတော်က “ရေက အရမ်းတက်လာတာ။ အိမ်တွေလည်း ရွှေ့လိုက်ရတယ်။ ဘုရားကြီးက မနှစ်ကမှ ထီးတင်ထားတာ။ အခု ပါတော့မယ်။ အောက်ထဲထိတောင် လှိုက်စားနေပြီ။ သိမ်လည်း ဖျက်လိုက်ရပြီ။ ဘုရားဆင်းတုတွေလည်း ရွှေ့ထားလိုက်ရပြီ။ ကျောင်းက ပထမကျောင်းတွေက မရှိတော့ဘူး၊ ရေထဲပါသွားတာ။ အခုက ဆွမ်းစားကျောင်းထဲမှာ နေ နေရတာ။ မနှစ်က ကျောင်းက အဆောက်အဦ ၆ လုံးပါသွားတာ။ အခုတော့ သိမ်နဲ့ ဘုရားကြီးကတော့ မရတော့ဘူး။ အရေးပေါ်အနေနဲ့ဆိုရင် ဘုရားကြီး ရေထဲမပါသွားဖို့ ရေကာတာ တခုလောက် လုပ်ပေးစေချင်တာ။ ရေကလည်း နည်းနည်းပြန်ကျနေတော့ အခုအချိန်မှာ ရေကာတာလေးတခုလုပ်နိုင်ရင်တော့ ဘုရားကြီးကို ကာကွယ်နိုင်မှာ။ အခု ဘုရားကြီးရော၊ ဓမ္မာရုံရော ကမ်းနဖူးစောင်းမှာ ရောက်နေပြီ။ ဝိုင်းကူညီရင်တော့ ကာကွယ်နိုင်လောက်တယ်” လို့ မိန့်ပါတယ်။
အဲဒီရွာမှာ နှစ်တိုင်းလိုလို ကမ်းပါးပြိုတတ်တာကြောင့် အိမ်တွေ ရွှေ့ပြောင်းနေရတာ အိမ် ၂၀၀ ကျော်ရှိပြီလို့ ဒေသခံတယောက်က ပြောပါတယ်။
“အခုကလည်း အခုလဆန်းလောက်ကတည်းက အိမ် ၁၅ လုံး ရွှေ့လိုက်ရကာ၊ ရွာထဲက လယ်တွေထဲမှာ ဖြစ်သလို အိမ်ဆောက်နေကြပြီး၊ တချို့တွေက ဆွေမျိုးတွေရဲ့ အိမ်တွေ၊ အိမ်ဝင်းတွေမှာ နေနေရပါတယ်” လို့ ပြောပါတယ်။
ရွှေခဲကျေးရွာဟာ မင်းလှကနေ မိုးညိုကိုအသွားလမ်းကနေ လမ်းခွဲဝင်သွားရပြီး မြစ်မခမြစ်ကမ်းဘေးမှာရှိပါတယ်။