ရန်ကုန်တိုင်းထဲက အခြေခံလူတန်းစားတွေနေထိုင်ရာ ရပ်ကွက်၊ မိဘမဲ့ဂေဟာတွေနဲ့ ကယ်ဆယ်ရေးစခန်း စတဲ့နေရာတွေမှာ ဆံပင်ညှပ်သင်တန်းကျောင်းတခုက ပရဟိတအလှူအဖြစ် လိုက်လံ ဆံပင်ညှပ်ပေးခဲ့ပါတယ်။
HAIR CITY Professional Hair Training School က စက်တင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်နေ့မှာ ရန်ကုန်၊ ဒလဘက်ကမ်းက ဆရာရောဘတ် မိဘမဲ့ဂေဟာ၊ ဒလမြို့ စစ်ဆးရေးဂိတ်အနီး ကယ်ဆယ်ရေးစခန်းနဲ့ တိုက်ကြီးမြို့၊ ဓမ္မရောင်ခြည်ကျောင်းတိုက် ဘ/က ကျောင်းက လူဦးရေပေါင်း ၁၅၀ ကျော်ကို ညှပ်ပေးခဲ့တာပါ။
ပရဟိတကျောင်းတွေနဲ့ မိဘမဲ့ဂေဟာတွေမှာ တခြားသောအလှူတွေရှိပေမဲ့ ဆံပင်ညှပ်ပေးတဲ့အလှူကိုတော့ မိမိတို့တတ်တဲ့ပညာနဲ့ ပရဟိတ လုပ်ပေးဖြစ်တာလို့ သင်တန်းဆရာ HC Soe က ပြောပါတယ်။
“အဓိကကတော့ ပရဟိတလုပ်ငန်းတွေထဲမှာ ရှားပါးတဲ့အလှူမျိုးပါ။ သင်တန်းဆင်း ကလေးတွေလည်း သင်ကြားထားတဲ့ပညာရပ်တွေကို သင်တန်းဆင်းစမှာ အမှတ်တရ ပညာအလှူသဘောမျိုးလည်းဖြစ် လက်တွေ့လည်း များများလုပ်ဖြစ်စေချင်တဲ့ သဘောမျိုးနဲ့ ခုလို လုပ်ဖြစ်တာ” လို့ ပြောပါတယ်။
အဲဒီ ကုသိုလ်ဖြစ်ဆံပင်ညှပ်ရာမှာ ပရဟိတကုသိုလ်ဆံပင်ညှပ်တာကို သင်တန်းဆရာ အပါအဝင်လက်ထောက် ဆရာ ၂ ယောက်နဲ့အတူ သင်တန်းဆင်း Stylist ၁၃ ယောက်က ညှပ်ပေးခဲ့ကြပါတယ်။
သင်တန်းသူတယောက်က “ဒီ ဘ/ကကျောင်းမှာက ညီမတို့ မရောက်ခင်က သူတို့လေးတွေက ကတုံးဆံပင်ပဲ ညှပ်ကြတယ်လို့ ပြောတယ်။ အခုဆိုရင် ဆံပင်ပုံစံ အဆန်းလေးတွေဖန်တီးပေးလိုက်တော့ သူတို့လေးတွေ ကျေနပ်သွားကြတာကိုကြည့်ပြီး ကြည်နူးပီတိဖြစ်ရတယ်” လို့ ပြောပါတယ်။
HAIR CITY Professional Hair Training School အနေနဲ့ Hair stylist တွေ ထပ်ပြီးတိုးလာနေသရွေ့ အခုလို ပရဟိတတွေ ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။