မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ကျေးရွာတွေကနေ တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေအတွက် ယာယီတဲတွေကို ဆောက်ပေးနေတယ်လို့ စစ်ဘေးရှောင်တွေအရေး ဆောင်ရွက်ပေးနေသူက ပြောပါတယ်။
ဟံသာဝတီရွာက စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “အခုထိတော့ တဲအလုံးရေ ၆ လုံးထိ ပြီးသွားပြီ။ နောက်ထပ်ဆက်ပြီး ဆောက်နေတယ်။ လောလောဆယ်တော့ စစ်ရှောင် ၅၀ ဝန်းကျင်ကို ခိုလှုံခွင့်ပေးထားတယ်” လို့ ပြောပါတယ်။
လူဦးရေ ထောင်ချီနေထိုင်တဲ့ ဟံသာဝတီကျေးရွာမှာ စစ်ကောင်စီတပ်က အထိုင်ချပြီး ရွာသားတွေကိုစစ်သင်တန်းပေး၊ လက်နက်တွေ တပ်ဆင်ပေးခဲ့ပြီး ပျူစောထီး အဖွဲ့ဝင်တွေအဖြစ် သတ်မှတ်ပေးခဲ့တာပါ။
လက်ရှိမှာ ကလေး-ဂန့်ဂေါနယ်စပ်က စစ်ကောင်စီ လက်အောက်ခံကျေးရွာတွေကို ဒေသခံ ကာကွယ်ရေးတပ်တွေက ဖြတ်လေးဖြတ်ပြုလုပ်ထားတာကြောင့် အဲဒီရွာက ဒေသခံတွေဟာ စားဝတ်နေရေးခက်ခဲပြီး ကျေးရွာတွင်းမှာမနေကြတော့ဘဲ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ချိတ်ဆက် တိမ်းရှောင်လာကြတာပါ။
မိုးတွင်းကာလဖြစ်လို့ စစ်ဘေးရှောင်တွေအတွက် ရာသီဥတုဒဏ် အသင့်အတင့်ခံနိုင်ပြီး အမိုးအကာလုံတဲ့တဲတွေကို ဆောက်ပေးနေပြီး စစ်ရှောင်တွေအတွက် အကူအညီ လိုအပ်နေတယ်လို့သိရပါတယ်။
ဟံသာဝတီရွာ ပကဖအဖွဲ့ဝင်တယောက်က “စစ်ရှောင်တွေက ပုန်းခိုကွယ်လျှိုးပြီး ရှောင်လာကြရတာ။ အဲဒါကြောင့် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ အသုံးအဆောင်တွေ ပါမလာဘူး။ စစ်ရှောင်တွေအနေနဲ့ အကူအညီတွေလိုအပ်နေတယ်” လို့ ပြောပါတယ်။
စစ်ရှောင်တဲတွေကို ဆောက်ပေးရာမှာ သစ်၊ ဝါးတွေကို တောတောင်တွေက ခုတ်ယူဖို့ လွယ်ကူတာကြောင့် အဆင်ပြေပေမဲ့ အမိုးအကာတွေအတွက် မိုးကာတွေလိုအပ်နေပြီး ခြုံစောင်နဲ့ ခြင်ထောင်တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မကွေးတိုင်းတွင်းမှာ ၂၀၂၃ ဇူလိုင် ၃၁ ရက်နေ့အထိ စစ်ကောင်စီက နေအိမ်ပေါင် ၁၁,၀၂၆ လုံး မီးရှို့ဖျက်ဆီးထားတယ်လို Data for Myanmar ရဲ့စာရင်းပြုစုချက်အရသိရပါတယ်။
ဓာတ်ပုံ-ဟံသာဝတီ ပကဖ