Home
မြန်မာသတင်း
ဘိုကလေးနှင့် မအူပင်ဒေသခံ ၃ ဦး သေဒဏ်ချခံရ
DVB
·
September 30, 2023
383301944_3642260486101686_4113374939554426732_n

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်နဲ့ မအူပင်မြို့နယ်က အမျိုးသား ၃ ယောက်ကို ဖျာပုံခရိုင်တရားရုံးက စက်တင်ဘာ ၂၈ ရက်နေ့မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။

ဖျာပုံခရိုင်တရားရုံး မှာ သေဒါဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ်                     စစ်ကောင်စီက   စွပ်စွဲပြီး  လူသတ်မှု၊ လက်နက်တွေ သိမ်းဆည်းထားမှုတို့နဲ့ တရားစွဲဆိုပြီး သေဒဏ်ချမှတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဖျာပုံခရိုင်တရားရုံးနဲ့ နီးစပ်သူ တယောက်က “သူတို့ ၃ ယောက်ကို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဖြစ်တယ်။ လူသတ်မှုကျူးလွန်တယ်။ လက်နက်တွေ ဖမ်းဆီးရမိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စက်တင်ဘာ ၂၈ ရက်နေ့က သေဒဏ် ချမှတ်လိုက်တာ” လို့ ပြောပါတယ်။

ဘိုကလေးမြို့က ကိုကျော်မိုးလွင်နဲ့ မအူပင်မြို့က ကိုဝေယံကျော်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအဖြစ် စွပ်စွဲပြီး ဖျာပုံမြို့နယ်၊ ကျုံကျိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးကို သတ်ဖြတ်တယ်လို့လည်း စွပ်စွဲထားတာပါ။

မိသားစုနဲ့ နီးစပ်သူ ဘိုကလေးဒေသခံတယောက်က              “ကိုကျော်မိုးလွင်နဲ့ ကိုဝေယံကျော်ကို    PDF ဆိုပြီး စွပ်စွဲတယ်။ နောက်ပြီး ကျုံကျိုက်ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးအေးကိုနဲ့ ဇနီးဖြစ်သူတို့ကို ကြိုတင်ကြံရွယ်ပြီး သတ်ဖြတ်မှု  ရာဇသတ်ကြီး ပုဒ်မ - ၃၀၂ (၁) (ခ) နဲ့ တရားစွဲတယ်။ အဲဒါတွေနဲ့ စွပ်စွဲပြီး သေဒဏ်ချလိုက်တယ်” လို့  ပြောပါတယ်။

 ဒါ့အပြင် ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာက  ဦးဝင်းဌေးရဲ့ စားသောက်ဆိုင်မှာ လက်နက်တွေသိမ်းဆည်းထားတယ်ဆိုပြီး ၂၀၂၂ စက်တင်ဘာလအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားပြီးနောက်  ဖျာပုံခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တာပါ။

မြင်ကကုန်းရွာခံတယောက်က “ဦးဝင်းဌေး အဖမ်းခံရတာက ပြီးခဲ့တဲ့နှစ် စက်တင်ဘာ လမှာ။ သူ့ရဲ့ စားသောက်ဆိုင်ထဲမှာ လက်နက်တွေ သိမ်းဆည်းထားတယ် ဆိုပြီး ဖမ်းသွားတာ။ ခု ဖျာပုံ ခရိုင်တရားရုံးကပဲ လူသတ်မှုအားပေးကူညီတယ် PDF တွေကို ကူညီထောက်ပံ့တယ် လို့ စွပ်စွဲပြီး သေဒဏ်ချလိုက်တယ်” လို့ ပြောပါတယ်။

 ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီကို ဆန့်ကျင်ပြီး  နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့သူ ဘိုကလေးမြို့ဒေသခံ ကိုဇော်ဝင်းထွန်း၊ ကိုနိုင်ဝေလင်း၊ ကိုမင်းသူအောင်နဲ့ ကိုပြည့်စုံဖြိုးတို့ လူငယ် ၄ ယောက်ကို စစ်ကောင်စီ သတင်းပေး ဒလန်လို့ စွပ်စွဲခံရတဲ့ အမျိုးသမီးတယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်ဆိုပြီး ဖျာပုံခရိုင်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ - ၃၀၂ (၁) (ခ) နဲ့ သေဒဏ်ချမှတ်ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024