ဂျပန်နိုင်ငံမှာ လက်ရှိ ပြင်းထန်နေတဲ့ ငွေကြေးဖောင်းပွမှုနဲ့ ပြည်သူတွေရဲ့ ဝင်ငွေတွေအပေါ် နေ့စဉ် ဖိအားတွေ တိုးလာနေတာကို လျစ်လျူရှုပြီး အစိုးရက စစ်အင်အားတိုးချဲ့မှုကိုပဲ စဉ်ဆက်မပြတ် အာရုံစိုက် လုပ်ဆောင်နေတာကို ဆန့်ကျင်ကန့်ကွက်ဖို့ ဂျပန်ပြည်သူ အများအပြားဟာ စက်တင်ဘာ ၂၈ ရက်က တိုကျိုမြို့ရဲ့ လမ်းတွေပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေဟာ တိုကျိုမြို့ရှိ လူစည်ကားတဲ့ စီးပွားရေး ရပ်ကွက်တခုမှာ စုဝေးခဲ့ကြပြီး အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၉ ကို လိုက်နာပြီး ငြိမ်းချမ်းရေး သံတမန်နည်းလမ်းကို လိုက်နာဖို့၊ အမေရိကန်ရဲ့ စစ်ရေးတိုးချဲ့မှု ဗျူဟာကို လိုက်နာတာ ရပ်တန့်ပြီးတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမယ့် နယ်ပယ်တွေမှာ ငွေကြေးကို ပိုမိုခွဲဝေသုံးစွဲသင့်ကြောင်းတွေ တောင်းဆိုခဲ့ကြပါတယ်။
ဂျပန်မှာ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာပြီး ဆင်းရဲမွဲတေမှုထဲ ကျဆင်းလာတဲ့လူတွေလည်း များလာလို့ ရန်ပုံငွေခွဲဝေပေးရမယ့် နေရာတွေ အများကြီးရှိနေပြီ ဖြစ်ကြောင်းနဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရေးမှာ ငွေသုံးတာဟာ လုံးဝမှားတယ်လို့ ထင်မြင်ကြောင်း ဆန္ဒပြသူတဦးက ပြောပါတယ်။
အစိုးရအနေနဲ့ စားဝတ်နေရေးပြဿနာနဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ ဆိုတာကို လေးလေးနက်နက် စဉ်းစားနိုင်မယ်လို့ မျှော်လင့်ကြောင်း နောက်ထပ်ဆန္ဒပြသူတဦးကလည်း ပြောဆိုပါတယ်။
စျေးနှုန်းတွေက အဆက်မပြတ် တက်လာနေပြီး အစားအသောက်လို အခြေခံလိုအပ်ချက် တချို့ကို ဖြည့်ဆည်းပေးရင်တောင်မှ ပြဿနာဖြစ်လာမှာပဲလို့ ဆိုပါတယ်။ ဒီပြဿနာအားလုံးဟာ အပြန်အလှန် ဆက်စပ်နေပြီး လူတိုင်းနားလည်နိုင်ကြမယ်လို့လည်း ဆိုပါတယ်။
တခြားဆန္ဒပြသူတွေကလည်း ဂျပန်ဟာ သူ့ရဲ့စစ်တပ်တိုးချဲ့မှုကို ရပ်တန့်သင့်ပြီး အဲဒီအစား အာရှတိုက်သားတို့အပေါ် ကြီးမားတဲ့ ထိခိုက်မှုဖြစ်စေခဲ့တဲ့ ကျူးကျော်မှုသမိုင်းကနေ သင်ခန်းစာယူသင့်တယ်လို့ အလေးပေး ပြောဆိုကြပါတယ်။
မကြာသေးမီနှစ်တွေအတွင်း ဂျပန်ဟာ သူ့ရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို သိသိသာသာ အားကောင်းလာစေပြီး သူ့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကိုလည်း အကြိမ်ကြိမ် တိုးမြှင့်ပြီးတော့ စံချိန်တင် မြင့်မားနေတာကြောင့် ငြိမ်းချမ်းနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဆက်မပြတ် ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဆောင်ရွက်မှုတွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လာကြောင်းလည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Source/Photo-Reuters