အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ရဲ့ မြို့တော်နဲ့ တချို့နယ်မြေတွေမှာ စက်တင်ဘာ ၂၈ ရက်က သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရတဲ့ ကာဖျူးအမိန့်ကို ထုတ်ပြန်ထားတယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။
မတည်မငြိမ်ဖြစ်နေတဲ့ ဒီပြည်နယ်မှာ ကျောင်းသား ၂ ဦးကို ပြန်ပေးဆွဲကာ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပြီး အကြမ်းဖက်ခံရမှုအတွင်း ကျောင်းသားအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၇ ရက်က ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုမှာ ကျောင်းသားအယောက် ၈၀ ကျော်ကို ထိခိုက်စေခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရဲအရှာရှိတဦးက ပြောပါတယ်။
အာဏာရ နိုင်ငံရေးပါတီရဲ့ ဒေသဆိုင်ရာ ရုံးတခုကို လက်နက်နဲ့ လူအုပ်ကြီးက ဖျက်ဆီးပစ်ခဲ့သလို ရဲစခန်းနှစ်ခုကိုလည်း ဓာတ်ဆီပုလင်းဗုံးတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် အလွန်အမင်း အခြေအနေ တင်းမာခဲ့တယ် လို့ ဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်မှာ လူမျိုးရေးဆိုင်ရာ အကြမ်းဖက်မှုအောက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီပြည်နယ်ရဲ့ အကြီးမားဆုံး ဒေသခံလူမျိုးစု ၂ ခုဟာ မြေယာ၊ အလုပ်အကိုင်နဲ့ နိုင်ငံရေးအာဏာအတွက် ပြင်းထန်တဲ့ ပြည်တွင်းစစ်တခုအသွင် ဖြစ်ပွားနေတယ်လို့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ရှုမြင်ထားကြပါတယ်။
မေ ၃ ရက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် မဏိပူရပြည်နယ်အတွင်း လူပေါင်း ၁၈၀ ကျော် သေဆုံးခဲ့ရတဲ့အပြင် နောက်ထပ် ၅၀,၀၀၀ ကျော်ပါ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
Source/Photo-Reuters