ထိုင်းဝန်ကြီးချုပ် ခွန်ဆေထာ ထဝီးဆင်ဟာ ဖနွမ်းပင်မြို့တော်ဆီ တရားဝင်ခရီးစဉ်အတွင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကို စက်တင်ဘာ ၂၈ ရက်က တွေ့ဆုံခဲ့ပါတယ်။
လူကုန်ကူးခံရသူတွေအတွက် ထိုင်းနိုင်ငံရဲ့ ရန်ပုံငွေနဲ့ တည်ထောင်ထားတဲ့ စင်တာကို လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။
စက်တင်ဘာ ၅ ရက် အစောပိုင်းမှာ ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် ဝန်ကြီးချုပ် ခွန်ဆေထာရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှာ သြဂုတ် ၂၂ ရက်က ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဟွန်မာနက်ကို ပထမဆုံးအကြိမ် တွေ့ဆုံဖို့လည်း ဖြစ်ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေဟာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ အထူးသဖြင့် ကုန်သွယ်မှု ပမာဏကို ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၁၅ ဘီလီယံအထိ တိုးမြင့်လာဖို့ မျှော်မှန်းထားတယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
သူတို့ဟာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဂိတ်တွေ အဆင့်မြှင့်တင်ရေးနဲ့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ ခရီးသည်တွေ အဆင်ပြေချောမွေ့စေရေး ယာယီကုန်းကြောင်း ပို့ဆောင်ရေး နယ်စပ်ဖြတ်သန်းခွင့်ကို မိတ်ဆက်ဖို့လည်း ဆွေးနွေးသွားဖို့ မျှော်လင့်ထားပါတယ်။
ခွန်ဆေထာနဲ့ ဟွန်မာနက်တို့ဟာ ကမ္ဘောဒီးယားနိုင်ငံထဲမှာ လူကုန်ကူးခံရသူတွေနဲ့ တခြား ထိခိုက်လွယ်တဲ့ အဖွဲ့တွေအတွက် ယာယီတည်းခိုရေးနဲ့ ကြိုဆိုဧည့်ခံရေးဌာန လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
ခွန်ဆေထာဟာ ကြာသပတေးနေ့ နှောင်းပိုင်းမှာ ကမ္ဘောဒီးယားနိုင်ငံကနေ မထွက်ခွာမီ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ တွေ့ဆုံပြီး လွတ်လပ်ရေး မော်ကွန်းတိုင်မှာ လွမ်းသူ့ပန်းခွေချမယ်လို့ မျှော်လင့်ရပါတယ်။
Source/Photo-Reuters