ဖူကူရှီးမားနျူးကလီးယား ဓာတ်အားပေးစက်ရုံက သန့်စင်ပြီး ရေဒီယိုသတ္တိကြွ ရေဆိုးတွေကို ပင်လယ်ထဲစွန့်ပစ်တဲ့ လုပ်ရပ်အတွက် ဂျပန်ပင်လယ်စာတင်သွင်းမှု တားမြစ်ဖို့ ရုရှားရဲ့ သဘောထားကြေညာချက်ကို စိစစ်သွားမယ်လို့ ဂျပန်အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ ဟိရိုခါ့ဇု မတ်ဆုနိုက စက်တင်ဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
ဂျပန်နိုင်ငံဟာ အရင်လက စက်ရုံကရေတွေကို သမုဒ္ဒရာထဲ စတင်ထုတ်လွှတ်ခဲ့ပြီး တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက ဂျပန်နိုင်ငံဆီက ရေထွက်ပစ္စည်းတင်သွင်းမှု အားလုံးကို ပိတ်ပင်တားမြစ်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရုရှား စားနပ်ရိက္ခာဘေးကင်းရေး စောင့်ကြည့်ရေးအဖွဲ့ကလည်း စက်တင်ဘာ ၂၆ ရက်မှာ ဂျပန်စားနပ်ရိက္ခာတင်ပို့မှုကို တရုတ်လုပ်ဖော်ကိုင်ဘက်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဂျပန်နိုင်ငံကတင်ပို့တဲ့ ငါးထွက်ကုန်တွေမှာ ထရိုင်တီယမ် အပါအဝင် ဓာတ်ရောင်ခြည် စမ်းသပ်ခြင်းဆိုင်ရာ အချက်အလက်တွေကို တောင်းဆိုခဲ့ပြီး အောက်တိုဘာ ၁၆ ရက်မှာ ဆွေးနွေးဖို့လိုတယ်လို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဂျပန်နိုင်ငံဆီ စာတစောင် ပေးပို့ခဲ့ပါတယ်။
ရေကနေ ခွဲထုတ်ရခက်တဲ့ ရေဒီယိုသတ္တိကြွ ဓာတ်တမျိုးဖြစ်တဲ့ ထရိုင်တီယံကလွဲလို့ ရေဒီယိုသတ္တိကြွ ဒြပ်စင်အများစုကို ဖယ်ရှားပြီးတဲ့နောက် ရေက ဘေးကင်းတယ်လို့ ဂျပန်က ပြောခဲ့ပါတယ်။
အဲဒီနောက် ရေတွေကို မစွန့်ထုတ်မီ နိုင်ငံတကာက လက်ခံထားတဲ့ အဆင့်ထိရောက်ဖို့ ရေရောပြီး အားပျော့အောင် လုပ်ထားတယ်လို့လည်း ဂျပန်က ပြောပါတယ်။
ရုရှားနဲ့ တရုတ်တို့ရဲ့ ဝေဖန်မှုတွေက သိပ္ပံနည်းကျ အထောက်အထားတွေကို အခြေခံမထားဘူးလို့လည်း ဂျပန်က ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters