တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ ထိုင်ဝမ်လွတ်လပ်ရေးတပ်ဖွဲ့တွေနဲ့ သူတို့ရဲ့ ခွဲထွက်ရေးရဲ့ တင်းမာရှုပ်ထွေးတဲ့ ကြိုးပမ်းမှုတွေကို တားဆီးဖို့ ထိုင်ဝမ်ရေလက်ကြားအနားမှာ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ တရုတ်ပြည်မကြီး နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးက ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတဦးက ပေကျင်းမြို့တော် သတင်းစာရှင်းလင်းပွဲမှာ စက်တင်ဘာ ၂၇ ရက်က ပြောခဲ့ပါတယ်။
PLA ရဲ့ စံချိန်တင်အရေအတွက်ဖြစ်တဲ့ လေယာဉ်အစင်းရေ ၁၀၀ ကျော်ဟာ ထိုင်ဝမ်ကျွန်းတဝိုက်မှာ စက်တင်ဘာ ၁၆ နဲ့ ၁၇ ရက်အတွင်း ၂၄ နာရီပတ်လုံး တိုက်ပွဲပုံစံ လေ့ကျင့်ပျံသန်းခဲ့တယ်လို့ မီဒီယာတွေက ဆိုပါတယ်။
ထိုင်ဝမ်ကျွန်းပေါ်က ကာကွယ်ရေးအာဏာပိုင်တွေဟာ စက်တင်ဘာ ၁၂ ရက်မှာ PLA သင်္ဘောအစီးရေ ၂၀ ကို ကျွန်းတဝိုက်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး ကျွန်းပတ်ပတ်လည်မှာ PLA ရေယာဉ်လှုပ်ရှားမှု စံချိန်သစ် တင်ခဲ့တယ်လို့ ပြောပါတယ်။
PLA ဟာ ‘ထိုင်ဝမ်လွတ်လပ်ရေး’ ခွဲထွက်ရေးတပ်တွေရဲ့ မောက်မာမှုနဲ့ ရှုပ်ထွေးမှုကို တားဆီးဖို့ ရည်ရွယ်ပြီး ထိုင်ဝမ်ရေလက်ကြားနားမှာ ဆက်တိုက် စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
ထိုင်ဝမ်လွတ်လပ်ရေးတပ်ဖွဲ့တွေရဲ့ ရန်စမှုတွေ ဆက်ရှိနေသရွေ့ နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ဖို့ PLA ရဲ့ လုပ်ဆောင်ချက်တွေကလည်း ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ထိုင်ဝမ်ရေးရာရုံး ပြောခွင့်ရ ကျူးဖှုန့်လျန်က ပြောပါတယ်။
ထိုင်ဝမ်သားတွေက မျက်မြင်ကိုယ်တွေ့ ခွဲခြားသိမြင်ပြီး ‘တိုင်ဝမ်လွတ်လပ်ရေး’ တပ်ဖွဲ့တွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရင်း ထိုင်ဝမ်ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို ပူးပေါင်းကာကွယ်ဖို့ မျှော်လင့်တယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
ထိုင်ဝမ်ကျွန်းနဲ့ မျက်နှာချင်းဆိုင်က တရုတ်ပြည်မကြီးရဲ့ ကုန်းမြေပေါ်မှာ မကြာသေးမီ သီတင်းပတ်တွေအတွင်း စစ်ရေးလေ့ကျင့်မှု အပါအဝင် စစ်ရေးလှုပ်ရှားမှုတွေ မြင့်တက်လာတယ်လို့ ထိုင်ဝမ်အစိုးရက အစီရင်ခံခဲ့ပါတယ်။
တရုတ်နိုင်ငံက သူ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာဆိုထားတဲ့ ထိုင်ဝမ်ကျွန်းနားမှာ တိုက်လေယာဉ်တွေ၊ ဒရုန်းတွေ၊ ဗုံးကြဲလေယာဉ်တွေနဲ့ တခြားလေယာဉ် ဒါဇင်ပေါင်း များစွာကို အခုလထဲမှာ လေ့ကျင့်နေတာ တွေ့ရတာပါ။
ထိုင်ဝမ်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရက ထိုင်ဝမ်ကျွန်းသားတွေကသာ သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြောထားပါတယ်။
ထိုင်ဝမ်အစိုးရက တရုတ်ပြည်မကြီးအစိုးရနဲ့ ဆွေးနွေးဖို့ အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပြီး တရုတ်ပြည်မကြီးအစိုးရက ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။
Source/Photo-Reuters