ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ရန်ကုန်မြစ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးချောင်းမှာ ၂ ရက်အတွင်း ရေထဲသေဆုံးနေတဲ့ ရုပ်အလောင်း နှစ်လောင်း တွေ့ရှိခဲ့တယ်လို့ ရန်ကုန်မြို့ခံ ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
စက်တင်ဘာ ၂၆ ရက် ည ၉ နာရီခွဲခန့်က ကြည့်မြင်တိုင်ပန်းခြံအနီးရှိ ရန်ကုန်မြစ်ကမ်းစပ်မှာ ရေနစ်သေဆုံးနေတဲ့ ရုပ်အလောင်းတခုကို သက်ဆိုင်ရာနဲ့ ကယ်ဆယ်ရေးအသင်းတွေက တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူဟာ အသက် ၉ နှစ်အရွယ် ယောက်ျားလေးတယောက် ဖြစ်ကာ အဲဒီနေ့လယ်ပိုင်းက ငါးဆင်းမျှားရာကနေ ချော်လဲခေါင်းထိခိုက်ကာ မြစ်ထဲပြုတ်ကျ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
မြို့ခံကယ်ဆယ်ရေးအသင်းဝင်တဦးက “ည ၉ နာရီခွဲလောက်မှာ အလောင်းတခု ကမ်းစပ်မှာ တင်လို့ သွားဆယ်တာပါ။ အသက်က ၉ နှစ်အရွယ်လောက် ယောက်ျားလေးပါ၊ လောလောဆယ်အထိ ပိုင်ရှင်မဲ့ရုပ်အလောင်းပါ” လို့ ပြောပါတယ်။
မြစ်ကမ်းစပ်ရှိ ရုပ်အလောင်းကို အားမာန်လူမှုကူညီရေးအသင်း၊ ရောင်စဥ်မဲ့အသင်းနဲ့ လင်းလက်အသင်းတို့က ပူးပေါင်းသယ်ယူကြပြီး ပိုင်ရှင်မဲ့ရုပ်အလောင်းအဖြစ် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးထားပါတယ်။
စက်တင်ဘာ ၂၇ ရက်၊ မနက် ၁၀ နာရီခန့်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ-သာကေတ တံတားအောက်မှာ ရေနစ်သေဆုံးနေတဲ့ ရုပ်အလောင်းတခုကို မြို့ခံတွေက တွေ့ရှိခဲ့ပါတယ်။
အဆိုပါ ရေနစ်သေဆုံးနေတဲ့ ရုပ်အလောင်းဟာ စက်တင်ဘာ ၂၅ ရက်၊ ညနေ ၆ နာရီခန့်က ငမိုးရိပ် ပြည်ထောင်စုတံတားပေါ်ကနေ ငမိုးရိပ်ချောင်းအတွင်းကို ခုန်ချခဲ့တဲ့ အသက် ၂၀ အရွယ်ရှိ အမျိုးသမီးဖြစ်တယ်လို့ မိသားစုဝင်တွေက အတည်ပြုထားပြီး အရပ်ဘက်အသင်းယာဉ်နဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေကလည်း ရန်ကုန်မြစ်ထဲ ရေနစ်သေဆုံးတဲ့ ရုပ်အလောင်း နှစ်လောင်းနဲ့ ငမိုးရိပ်ချောင်းအတွင်း ရေနစ်သေဆုံးတဲ့ ရုပ်အလောင်း တလောင်း စုစုပေါင်း ရုပ်အလောင်း သုံးလောင်းကို ကယ်ဆယ်ရေးအသင်းတွေက တွေ့ရှိခဲ့ပါတယ်။