တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ ကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲမှာ ပထမဆုံး ထည့်သွင်းယှဉ်ပြိုင်တဲ့ အားကစားအမျိုးအစားဖြစ်တဲ့ esports ခေါ် အီလက်ထရွန်းနစ် အားကစားနည်းမှာ တရုတ်အသင်းက ရွှေတံဆိပ်ဆု ဆွတ်ခူးသွားပြီး အိုလံပစ် အားကစားတာဝန်ရှိသူတွေက အနီးကပ် ကြည့်ရှုခဲ့ကြပါတယ်။
ဟန်ကျိုး အီးစပို့ထ်စ်စင်တာမှာ “Arena of Valor” အမည်ရှိ နာမည်ကြီး မိုဘိုင်းလ်ဖုန်းဂိမ်းပြိုင်ပွဲကို အကြိတ်အနယ် ယှဉ်ပြိုင်နေချိန်မှာ အိမ်ကွင်းပရိသတ်တွေဟာ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှုအားပေးခဲ့ကြပါတယ်။
ဂိမ်းကစားသူ ၅ ဦးပါဝင်တဲ့ တရုတ်အသင်းက အကောင်းဆုံး ၃ ပွဲ ကစားခဲ့အပြီး မလေးရှားအသင်းကို ၂-၀ နဲ့ အနိုင်ယူခဲ့တာပါ။
ဂျကာတာ အာရှအားကစားပြိုင်ပွဲမှာ esports ကို သရုပ်ပြအားကစားအဖြစ် ထည့်သွင်း ဆောင်ရွက်ခဲ့ပြီးနောက် ၅ နှစ်အကြာမှာ အိုလံပစ်အားကစား ပြိုင်ပွဲအတွက် ထည့်သွင်းဖို့လည်း တွန်းအားပေးခဲ့ပါတယ်။
“အိုလံပစ်ပြိုင်ပွဲမှာ အားကစားနည်းပေါင်းစုံ ပါဝင်ပြီး စကိတ်စီး၊ ဘရိတ်ခ်ဒန့်၊ ကျောက်တောင်တက်ခြင်းတွေတောင် ရှိနေပြီဆိုတော့ esport ကို ထည့်သွင်းကစားစေတာ ကောင်းမွန်ပါတယ်” လို့ မလေးရှားအားကစားအဖွဲ့ မန်နေဂျာ ဝုန်ကန်ဝုန်က ပြောပါတယ်။
တရုတ်အာဏာပိုင်တွေဟာ အလွန်အကျွံ ဂိမ်းကစားတာကို နှစ်သက်သဘောတူခြင်း မရှိကြဘဲ ၂၀၂၁ ခုနှစ်ကတည်းက ကလေးတွေ ဂိမ်းကစားချိန်ကို ကန့်သတ်ထားပါတယ်။
Source/Photo-Reuters