မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ စက်တင်ဘာ ၂၅ ရက်ကနေ ၃၀ ရက် အတွင်း မိုးများပြီးတော့ ရေကြီး၊ မြေပြိုဘေး ကြုံရနိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။
အောက်တိုဘာ ၁ ရက်အထိ ရက်သတ္တပတ်အတွင်း မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်တွေကို ထုတ်ပြန်ထားတာဖြစ်ပြီး မုတ်သုံအဆုတ်မိုးက ဒုတိယ ရေကြီးကာလဖြစ်စဉ်ကို မြန်မာနိုင်ငံမြစ်ကြီး/မြစ်ငယ်အသီးသီးမှာ ပြန်လည်ကြုံတွေ့ရမယ့် ကာလ ဖြစ်တယ်လို့လည်း ခန့်မှန်းထုတ်ပြန်ထားတာပါ။
ထူးခြားချက်အနေနဲ့ အခုလာမယ့် ရက်သတ္တပတ်အတွင်း ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်လာတဲ့ အပူပိုင်းမုန်တိုင်း တခုရဲ့ အကြွင်းအကျန်တိမ်တိုက်တွေက လေပွေလှိုင်းအသွင်နဲ့ ထိုင်းလွင်ပြင်ကတဆင့် မုတ္တမကွေ့ဆီ ရောက်ရှိလာနိုင်ပြီး ပြန်လည်အားပျိုးကာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ဆက်စပ်ပြီးတော့ မြန်မာနိုင်ငံအောက်ပိုင်းနဲ့ မုတ္တမကွေ့အနီးတဝိုက် ဒေသတွေမှာ မုတ် သုံလေအင်အား အတက်အကျပေါ်မူတည်ပြီး နေရာကွက်ကာ မိုးကြီးတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
မိုးကြီးတာနဲ့အတူ နောက်ဆက်တွဲအကျိုးဆက်အဖြစ် မြစ်ချောင်းတွေနဲ့ မြို့နယ်တွေမှာ ရေကြီးတာ၊ မြို့ပြကျေးရွာတွေမှာ ရေဘေး၊ မြေပြိုဘေးနဲ့ လမ်းတံတားတွေ ထိခိုက် ပျက်စီးတာတွေကို သတိပြုသွားလာနေထိုင်သင့်တယ်လို့လည်း သတိပေးထားပါတယ်။
မိုးအခြေအနေအနေနဲ့ ဒီကနေ့ စက်တင်ဘာ ၂၇ ရက်မှာ ကရင်၊ မွန်ပြည်နယ်တွေနဲ့ တနင်္သာရီတိုင်းတို့မှာ နေရာအနှံ့အပြား၊ ရခိုင်၊ ချင်း၊ ရှမ်း၊ ကယားပြည်နယ်တွေနဲ့ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းတို့မှာ နေရာစိပ်စိပ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်တိုင်းနဲ့ နေပြည်တော် တို့မှာ နေရာကျဲကျဲနဲ့ ကျန်ဒေသတွေမှာတော့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင် တယ်လို့ ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာကတော့ ရခိုင်ကမ်းရိုးတန်းဘက်မှာ အနောက်တောင်ဘက်က လေ တနာရီကို ၁၀ မိုင်ကနေ ၁၅ မိုင်လောက်အထိ တိုက်ခတ်နိုင်ပြီးတော့ လှိုင်းအသင့်အတင့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ မုတ္တမကွေ့နဲ့ တနင်္သာရီကမ်းရိုးတန်းတို့မှာတော့ အနောက်ဘက်က လေဟာ တနာရီကို ၁၅ မိုင်ကနေ မိုင် ၂၀ လောက်အထိ တိုက်ခတ်နိုင်ပြီးတော့ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။