ပြုံယမ်းဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေး စွမ်းရည်တွေမြှင့်တင်ဖို့အတွက် အလောတကြီး အရှိန်မြှင့်ဖို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံတမန် ဂင်မ်ဆုန်းက စက်တင်ဘာ ၂၆ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောပါတယ်။
ဒီအခြေအနေကို ဖန်တီးနေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို မြောက်ကိုရီးယာ းက အပြစ်တင် ပြောကြားလိုက်ပါတယ်။
“၂၀၂၃ ခုနှစ်ဟာ အလွန်အန္တရာယ်များတဲ့နှစ်အဖြစ် မှတ်တမ်းတင်ထားပါတယ်” လို့ သံအမတ်ကြီး ဂင်မ်ဆုန်းက နှစ်စဉ် ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးကြတဲ့ ကုလသမဂ္ဂညီလာခံ နောက်ဆုံးနေ့မှာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ကိုရီးယားကျွန်းဆွယ်ဟာ နျူးကလီးယားစစ်ပွဲ အချိန်မရွေး ဖြစ်ပွားနိုင်တဲ့ အန္တရာယ်နဲ့ ကြုံနေရတဲ့ အခြေအနေကို ရောက်နေပြီး လက်ရှိအခြေအနေအရ မြောက်ကိုရီးယားဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်း မြှင့်တင်မှုကို အရှိန်မြှင့်ဖို့ အရေးတကြီး လိုအပ်နေပြီလို့လည်း ဂင်မ်ဆုန်းက
အထွေထွေညီလာခံမှာ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ လွန်ခဲ့တဲ့ ၁၈ လအတွင်း ဒါဇင်နဲ့ချီတဲ့ ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ်ခဲ့ပြီး ပြုံယမ်းဟာ သတ္တမမြောက် နျူးကလီးယားစမ်းသပ်မှု ပြုလုပ်ဖို့ အသင့်ဖြစ်နေပြီလို့ အမေရိကန်က သတိပေးခဲ့တာ ကြာနေပါပြီ။
ပြုံယမ်းကတော့ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေး အကျိုးစီးပွားတွေကို စစ်ရေးအရ ခြိမ်းခြောက်ခြင်းကနေ ကာကွယ်ဖို့အတွက် သူ့ရဲ့ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် ကျင့်သုံးနေကြောင်း ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်ကတည်းက သူ့ရဲ့ ဒုံးကျည်နဲ့ နျူးကလီးယား အစီအစဉ်တွေအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာ ရှိနေခဲ့ပြီး ဒီအစီအမံတွေကလည်း နှစ်တွေချီပြီး ဆက်တိုက် အားကောင်းလာခဲ့ပါတယ်။
ဒါပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း အဖွဲ့ဝင် ၁၅ ဦးပါ လုံခြုံရေးကောင်စီဟာ ပြုံယမ်းကို ဘယ်လိုကိုင်တွယ်ရမယ် ဆိုတာကို ကွဲပြားနေပါတယ်။
အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့နဲ့အတူ ဗီတိုအာဏာ ကိုင်စွဲထားတဲ့ ရုရှားနဲ့ တရုတ်တို့က ပိတ်ဆို့အရေးယူမှုတွေဟာ အထောက်အကူဖြစ်စေမှာ မဟုတ်ကြောင်းနဲ့ အဲဒီလို အရေးယူမှုတွေကို ဖြေလျှော့ပေးစေလိုကြောင်း ပြောကြားထားပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ပြုံယမ်းကို ရန်ဆွနေတယ်လို့ တရုတ်နဲ့ ရုရှားတို့က ပြောကြားထားပြီး ဝါရှင်တန်ကလည်း ပေကျင်းနဲ့ မော်စကိုတို့ဟာ မြောက်ကိုရီးယားကို နောက်ထပ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကနေ အကာအကွယ် ပေးခြင်းအားဖြင့် ပြုံယမ်းကို အားပေးအားမြှောက် လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။
Source/Photo-Reuters