ယူကရိန်းနိုင်ငံတောင်ပိုင်း၊ ဩဒက်ဆာပြည်နယ်က ကောက်နှံတွေတင်ပို့တဲ့ခရိုင်မှာ ဒရုန်းနဲ့ ညတွင်းချင်း တိုက်ခိုက်မှုကြောင့် ယူကရိန်း ဆိပ်ကမ်းအခြေခံအဆောက်အအုံတွေနဲ့ သိုလှောင်ရုံတွေကို ထိမှန်ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက စက်တင်ဘာ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။
ယူကရိန်းဘက်ခြမ်း ဩဒက်ဆာပြည်နယ် အော်လစ်ဗ်ကာရွာနားကနေ ရိုမေးနီးယားနိုင်ငံဆီ ဖြတ်ကူးတဲ့ ကူးတို့သင်္ဘောကနေ ရိုက်ကူးထားတဲ့ မျက်မြင်သက်သေတွေရဲ့ ဗီဒီယိုဖိုင်ထဲမှာ ယူကရိန်းနိုင်ငံ အိုက်ဇ်မေးလ်မြို့ရဲ့ အနောက်ဘက်မှာ ပေါက်ကွဲမှုကြီးတွေနဲ့ လေယာဉ်ပစ် သေနတ်သံတွေကို မြင်ရ ကြားရပါတယ်။
အိုက်ဇ်မေးလ်နဲ့ ရေးနီမြို့တို့ရဲ့ ဒါနု(ဘ်) မြစ်ဆိပ်ကမ်းတွေပါတဲ့ နယ်စပ်စစ်ဆေးရေးဂိတ် အဆောက်အအုံ၊ သိုလှောင်ရုံတွေ၊ ကုန်တင်ကားနဲ့ ကားအစီးရေ ၃၀ ကျော် ပျက်စီးခဲ့ပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တောင်ပိုင်း ဩဒက်ဆာဒေသ အုပ်ချုပ်ရေးမှူး အိုလယ်ကီပယ်က ပြောခဲ့ပါတယ်။
ယူကရိန်းအာဏာပိုင်တွေက ဩဒက်ဆာပြည်နယ်မှာ မီးငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေရဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီရုပ်သံတွေကို သီးခြား လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သေးပါဘူး။
ယူကရိန်းစစ်တပ်က နိုင်ငံတကာ စစ်ဆေးရေးဂိတ်မှာ စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားပြီး မော်တော်ကားတွေကို ယာယီ လမ်းကြောင်းပြောင်းထားတယ်လို့ ပြောပါတယ်။
နောက်ပိုင်းမှာ ယူကရိန်း နယ်စပ်ဝန်ဆောင်မှုကို ရိုမေးနီးယားနယ်စပ်က အော်လစ်ဗ်ကာ ရွာနားကို ဖြတ်ကူးတဲ့ နေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်းကို တိုက်ဖျက်ဖို့ ပင်လယ်နက်ကတဆင့် ယူကရိန်းသင်္ဘောတွေကို လုံခြုံစိတ်ချမှုရှိရှိ ပို့ဆောင်ပေးတဲ့ ကောက်နှံ သဘောတူညီချက်ကနေ ရုရှားက နုတ်ထွက်ခဲ့ပြီး ဇူလိုင်လကတည်းက ယူကရိန်း ကောက်နှံတွေနဲ့ ဆိပ်ကမ်းအဆောက်အအုံ တွေကို တိုက်ခိုက်နေခဲ့တာပါ။ နှစ်နာရီကြာတိုက်ခိုက်မှုဟာ နောက်ဆုံးတိုက်ခိုက်မှု ဖြစ်ပါတယ်။
Source/Photo-Reuters