အမေရိကန် အာဏာပိုင်တွေဟာ ရွှေ့ပြောင်းသွားလာမှု များပြားလာချိန်မှာ နယ်စပ်ဖြတ်ကျော်မှုတွေကို ပိတ်လိုက်ပြီး လုံခြုံရေးစစ်ဆေးမှုတွေ ထပ်မံပြုလုပ်နေတာကြောင့် အမေရိကန်-မက္ကဆီကို နယ်စပ်ကုန်သွယ်ရေးဟာ နှေးကွေးခဲ့ပြီး ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ မက္ကဆီကိုကုန်ပစ္စည်းတွေ အမေရိကန်နယ်စပ်မှာ ပိတ်မိနေပါတယ်။
စက်တင်ဘာ ၂၆ ရက်က အမေရိကန်ကို ဖြတ်ကျော်ဖို့ စောင့်ဆိုင်းနေတဲ့ ယာဉ်မောင်းတွေဟာ နိုင်ငံတကာတံတားတွေမှာ ကုန်တင်ကားတွေနဲ့ နောက်တွဲယာဉ်တွေကို တက္ကဆက် အာဏာပိုင်တွေရဲ့ စေ့စေ့စပ်စပ် စစ်ဆေးနေတဲ့အပေါ် အပြစ်တင်နေကြပါတယ်။
တက္ကဆက်ပြည်နယ်မှာ နယ်စပ်ကိုဖြတ်ကျော်ပြီး ဒုတိယအကြိမ် ထရပ်ကားစစ်ဆေးမှု လုပ်တာကြောင့် ၁၂ နာရီ၊ ၂၄ နာရီ ဒါမှမဟုတ် နာရီ ၃၀ ကျော်ကြာ သောင်တင်နေပြီး အချိန်တွေအကြာကြီး စောင့်ဆိုင်းရတာကြောင့် မက္ကဆီကန်စက်ရုံတွေကို အကြီးအကျယ် ထိခိုက်စေတယ်လို့ မက္ကဆီကို စက်မှုလုပ်ငန်းအသင်း ကာနာစင်းန်တရားရဲ့ ကိုယ်စားလှယ် ယဲဆု ဆာလာယန်ဒီယာက ပြောပါတယ်။
ကုန်ပစ္စည်းတွေ ဖြတ်ကျော်ပြီးတာနဲ့ ပြည်နယ်တပ်ဖွဲ့ဝင်တွေဟာ ကုန်တင်ကားတွေကို အချိန်အတော်ကြာ စစ်ဆေးပြီး ဘာမှမတွေ့ရရင်လည်း ဖြတ်ကူးဖို့မှာ အချိန်ကြာမြင့်တာကြောင့် အဲဒါဟာ တပ်ဆင်ထုတ်လုပ်ရေးလုပ်ငန်းမှာ ပြဿနာ ဖြစ်စေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ခန့်မှန်းခြေ ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းတွေကို တင်ဆောင်လာတဲ့ နောက်တွဲယာဉ် ၈,၀၀၀ လောက်ဟာ မက္ကဆီကိုဘက်ခြမ်းမှာ သောင်တင်နေခဲ့ကြောင်း တက္ကဆက်ပြည်နယ် အယ်လ်ပါဆိုမြို့ကနေ ဖြတ်ကျော်လာတဲ့ မက္ကဆီကိုဘက်ခြမ်းရှိ ဆီအူဒက် ဟွာရက်ဇ်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးအသင်း အဆိုအရ သိရပါတယ်။
Source/Photo-Reuters