ဧရာဝတီတိုင်း ဖျာပုံ၊ ဘိုကလေး အပါအဝင် မြို့နယ်တချို့မှာ စစ်ကောင်စီလက်အောက်ခံ အဖွဲ့ဝင်တွေက ရပ်ကွက် ကျေးရွာတွေအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် နာမည်ပျက် ရှိခဲ့သူတွေကို စာရင်းကောက်ယူပြီး ပြည်သူ့စစ်တပ်ဖွဲ့မှာ ပါဝင်ဖို့ လိုက်လံစည်းရုံးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက နာမည်ပျက်ရှိပြီး အချုပ်ထောင် ကျဖူးသူတွေကို ပြည်သူ့စစ်တပ်ဖွဲ့ထဲ ဝင်ရောက်ဖို့ လိုက်လံစည်းရုံးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဖျာပုံမြို့ခံတဦးက “ရပ်ကွက်ထဲက ခိုးဆိုးလုနှိုက်လုပ်ပြီး ထောင်ကျဖူးသူတွေ၊ ရပ်ကွက်ဇိုးတွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူး လက်အောက်ခံအဖွဲ့တွေက လိုက်စည်းရုံးနေတာ။ နိုင်ငံတော်ကို ကာကွယ်ဖို့လို့ မပြောဘူး။ ကိုယ့်ရပ် ကိုယ့်ရွာနဲ့ ပြည်သူ့အကျိုးကို အကျိုးပြုဖို့ဆိုပြီး ပြည်သူ့စစ်ထဲဝင်ဖို့ လိုက်စည်းရုံးနေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေနဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့ဝင်တွေကိုသာ ပြည်သူ့စစ်သင်တန်း တက်ရောက်ဖို့ အရင်က စည်းရုံးခဲ့ပေမဲ့ စက်တင်ဘာလက စတင်ကာ ရပ်ကွက်ကျေးရွာတွေက နာမည်ပျက်စာရင်းရှိသူတွေကို ပြည်သူ့စစ်တပ်ဖွဲ့ထဲဝင်ဖို့ လိုက်လံစည်းရုံးနေတာပါ။
ဘိုကလေးဒေသခံတဦးက “ခုနောက်ပိုင်း စစ်ကောင်စီဘက်က အထိနာတာတွေ၊ ဒလန်တံဆိပ်ကပ် အသတ်ခံရတာတွေ ရှိနေတော့ မဘသအဖွဲ့နဲ့ ကြံ့ခိုင်ရေး အားပေးသူတွေက သိပ်ပြီး တက်ကြွတာ မရှိတော့ဘူး။ အဲ့ဒီတော့ ရပ်ကွက်ထဲက နာမည်ပျက်စာရင်းရှိတဲ့ လူမိုက်တွေကို လိုက်စည်းရုံးနေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်ကလည်း ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်၊ သဲဖြူကျေးရွာ၊ မိကျောင်းခေါင်းကျေးရွာတွေက အရပ်သား ပြည်သူ ၃၀ ထက်မနည်းကို စစ်ကောင်စီတပ်က ပုသိမ်မြို့အခြေစိုက် အမှတ် ၂၇၁ တပ်ရင်းမှာ လက်နက်ကိုင် ပြည်သူ့စစ်သင်တန်း သင်ကြားပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။