စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာအတွင်းမှာ စစ်ကောင်စီတပ်က အရပ်သား နှစ်ယောက်နဲ့ ကာကွယ်ရေးအဖွဲ့ဝင်တယောက်ကို ဦးခေါင်းဖြတ် သတ်ဖြတ်ထားခဲ့တဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ စက်တင်ဘာ ၂၆ ရက် မနက် ၅ နာရီက ပစ်ခတ်ဝင်ရောက်လာပြီး အခုလို သတ်ဖြတ်သွားတာဖြစ်တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။
ကျားသစ်နက်တပ်မတော်ရဲ့ တပ်ရင်းမှူး ကိုဥက္ကာက “ကျနော်တို့ ဒီနေ့ စက်တင်ဘာ ၂၇ ရက်နေ့ မနက်ခင်း ၇ နာရီက စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်သွားတဲ့ ညောင်ကုန်းရွာထဲကို ရှင်းလင်းရေး ဝင်လုပ်တယ်ဗျ။ အဲရွာထဲမှာ စစ်ကောင်စီက ရက်ရက်စက်စက် ဦးခေါင်းဖြတ် သတ်သွားတဲ့ အမျိုးသားအလောင်း သုံးလောင်းတွေ့ခဲ့ရတယ်။ နောက်ပြီး သတ်သွားတဲ့ သူတွေထဲက တဦးကိုတော့ ဗိုက်ခွဲပြီး အူတွေနုတ်ကာ လက်တွေ၊ ခြေထောက်တွေ အကုန်ဖြတ်ပြီး ဗိုက်ထဲထိုးထည့်ထားခဲ့ကြတယ်။ သေဆုံးသူတွေက အရပ်သားလား၊ ပြည်သူ့ကာကွယ်ရေးလား ဆိုတာကတော့ မြို့နယ်ပအဖ ကိုဇော်ထက်တို့မှ သိမယ်ဗျ။ ကျနော်တို့က ရှင်းလင်းရေးသက်သက် လုပ်ပေးခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ညောင်ကုန်းရွာကို ဝင်ရောက်တဲ့ စစ်ကြောင်းဟာ ဒီနေ့ စက်တင်ဘာ ၂၇ ရက်မှာ ညောင်ကုန်းရွာကနေ ထွက်ခွာပြီး ပုလဲမြို့အရှေ့ဘက် ဆားလင်းကြီးမြို့နယ်နဲ့ ပုလဲမြို့နယ် နယ်နိမိတ် ထိစပ်နေတဲ့ ကျေးရွာဘက် စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး အဆိုပါ စစ်ကြောင်းထိုးနေတဲ့ နေရာအနီးက ဒေသခံပြည်သူတွေလည်း အရေးပေါ် စစ်ဘေးရှောင်နေကြရတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပုလဲပအဖ တာဝန်ရှိသူ ကိုဇော်ထက်က “သေဆုံးတာက ၂၅ နှစ်တယောက်၊ ၃၅ နှစ်တယောက်၊ ၅၀ ပတ်ဝန်းကျင်တယောက်၊ စုစုပေါင်း အမျိုးသား ၃ ယောက် အသက်ခံလိုက်ရတာ ဟုတ်ပါတယ်ဗျ။ ၂ ဦးကတော့ အရပ်သားတွေပါ။ အမည်နဲ့ နေရပ်လိပ်စာကတော့ လုံခြုံရေးအရ မပြောတော့ပါဘူး။ အခုလို သတ်သွားတဲ့ပုံစံကတော့ဗျာ အတော်လေးကို ဆိုးပါတယ်။ စစ်ကောင်စီကိုတော့ ဘယ်တော့မှ ကမ္ဘာကြေနိုင်စရာကို မရှိတော့ဘူး။ ပြည်သူတွေအနေနဲ့လည်း အဆုံးအစွန်အထိ တော်လှန်ရေးကို ဆက်သွားရမယ်” လို့ ပြောပါတယ်။
ပုလဲမြို့နယ်အတွင်းမှာတော့ စက်တင်ဘာ ၉ ရက်ကစပြီး ၂၇ ရက်အထိ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးအခြေအနေလည်း တင်းမာနေဆဲ ဖြစ်ပါတယ်။
အခုလို နှစ်ဖက်ထိတွေ့တိုက်ပွားတွေကြောင့် အရပ်သားပြည်သူ ထောင်နဲ့ချီ စစ်ဘေးရှောင်နေရပြီး ဆေးဝါးနဲ့ အမိုးအကာ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုလဲမြို့နယ် ညောင်ကုန်းရွာနဲ့ ပတ်သက်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက
PDF ၃ လောင်း၊ AK သေနတ် ၂ လက်၊ AK ကျည်အိမ် ၄ ခု၊ AK ကျည် ၁၀၀ တောင့်၊ လမ်းလျှောက်စကားပြောစက် ၁ လုံး ဖမ်းဆီးရမိခဲ့တယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။