အန္တာတိကတိုက်တဝိုက်မှာရှိတဲ့ ပင်လယ်ရေခဲတွေဟာ ဒီနှစ်ဆောင်းရာသီမှာ စံချိန်တင် နိမ့်ဆင်းသွားတယ်လို့ အမေရိကန် အမျိုးသားနှင်းနဲ့ ရေခဲသတင်းအချက်အလက်ဌာန (NSIDC) က စက်တင်ဘာ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
တောင်ဝင်ရိုးစွန်းမှာ ရာသီဥတုဖောက်ပြန်မှုရဲ့ သက်ရောက်မှုကို သိပ္ပံပညာရှင်တွေ စိုးရိမ်မှု တိုးလာတယ်လို့လည်း ထပ်လောင်းပြောခဲ့ပါတယ်။
ပင်လယ်ရေခဲပြင်ပေါ်မှာ ပေါက်ဖွားတဲ့ ပင်ဂွင်းငှက်လို တိရစ္ဆာန်တွေအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိနိုင်တယ်လို့ သုတေသီတွေက သတိပေးထားပါတယ်။
နေရောင်တွေကို ရေခဲဖြူတွေက အလင်းပြန်ပစ်ပြီး အာကာသထဲ ပြန်ပို့လိုက်နိုင်လို့ ရေခဲ ဘယ်လောက်လျော့သွားရင် ပြန်ပို့နိုင်တဲ့နေရောင် ဘယ်လောက်လျော့သွားလဲဆိုတာ တိုက်ရိုက်ပတ်သက်နေတာပါ။
ဒါကြောင့် ရေခဲပြင်လျော့တာ မြန်ရင် ကမ္ဘာကြီး ပူနွေးမှု ပိုမြန်လာတယ်လို့လည်း သုတေသီတွေက သတိပေးပါတယ်။
အန္တာတိကတိုက်က ရေခဲပြင် အကျယ်အဝန်းဟာ ဒီနှစ် စက်တင်ဘာ ၁၀ ရက်မှာ စတုရန်းမိုင် ၆ ဒသမ ၅ သန်းရှိပြီး ဂြိုဟ်တုမှတ်တမ်းတွေ စခဲ့တဲ့ ၁၉၇၉ ခုနှစ်ကနေ ခုထိကာလအတွင်း ဆောင်းရာသီမှာ ရေခဲပြင် အနိမ့်အဆုံးအဆင့် ရောက်ခဲ့တယ်လို့ NSIDC က ပြောပါတယ်။
၁၉၈၆ ခုနှစ်က စံချိန်တင် အနည်းဆုံး ဖြစ်ခဲ့တုန်းကထက် ရေခဲပြင်ဧရိယာ စတုရန်း ကီလိုမီတာ တသန်းလောက် ပိုနည်းသွားတယ်လို့လည်း ဆိုပါတယ်။
တောင်ကမ္ဘာခြမ်းမှာ စက်တင်ဘာလဟာ ဆောင်းရာသီကုန်ခါနီးကာလ ဖြစ်လို့ ရေခဲပမာဏ အမြင့်ဆုံးရှိပြီး မတ်လကတော့ နွေရာသီဖြစ်လို့ ရေခဲပမာဏ အနိမ့်ဆုံးရောက်တဲ့အထိ အရည်ပျော်လေ့ ရှိပါတယ်။
အန္တာတိကဒေသ နွေရာသီ ပင်လယ်ရေခဲ ပမာဏညွှန်ကိန်းက ဖေဖော်ဝါရီလတုန်းက စံချိန်တင် အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့မြောက်ပိုင်းဒေသဟာ ကမ္ဘာ့ပျမ်းမျှထက် လေးဆပိုပူနွေးလာလို့ အာတိတ်ဒေသဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး ပင်လယ်ရေခဲတွေရဲ့ အခြေအနေလည်း အမြန်ဆိုးရွားလာခဲ့ပါတယ်။
Source/Photo-Reuters