ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နဲ့ နမ့်ခမ်းကြား စယ်လန့်အနီးတဝိုက်ကို စက်တင်ဘာ ၂၅ ရက် ည ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီဘက်က လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “TNLA တပ်မဟာ ၁၊ လွယ်မောက်တောင်မှာ ၂ ကြိမ်၊ လွိုင်ဗျက်တောင်မှာ ၁ ကြိမ် လာပစ်သွားတယ်” လို့ ပြောပါတယ်။
လတ်တလော စစ်ကောင်စီနဲ့ တအာင်းလွတ်မြောက်ရေးတပ် (TNLA) တို့ တိုက်ကွဲဖြစ်ပွားနေတဲ့ စယ်လန့်အနီးတဝိုက်က တောင်ကြောဘက်မှာလို့ သူကပြောပါတယ်။
“ခိုမုန်းရဲ့တဖက် ကောင်းမှူးဆိုတဲ့နေရာမှာ TNLA တွေရှိတယ်။ အဲမှာ လေယာဉ် ၂ ကျော့ လာဝဲသွားပြီးတော့ လေယာဉ် ၂ စီးနဲ့ ဗုံးလာကြဲသွားတာ” လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။
ဗုံးကြဲသွားပြီးနောက် နမ့်ဖတ်ကာဘက်ကရော ၁၀၅ မိုင်ဘက်ကနေပါ လက်နက်အကြီးရော အသေးရော တရစပ် ဆက်လက်ပစ်ထည့်နေတယ်လို့ သူက ပြောပါတယ်။
“အဲဒါပဲတောင်မဟုတ်ဘူး။ ဒရုန်းလည်းပါတယ်။ ၁၀၅ မိုင်ဘက်ကလည်း ပစ်နေကြတာ။ ဒီ လွယ်ခယူရပ်ကနေလည်း ပစ်နေကြတယ်။ နမ့်ဖန်ကာကနေလည်း ပစ်နေတာ။”
စက်တင်ဘာ ၂၅ ရက် ည ၉ နာရီ ၄၂ မိနစ်လောက်က မန္တလေး တံတားဦးဘက်က တက်လာတဲ့ တိုက်လေယာဉ် ၃ စီးက ၁၀ နာရီ ၁၁ မိနစ်မှာ မူဆယ်အနီး ဗုံးလာကြဲသွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။
ကွတ်ခိုင်မြို့နယ်နဲ့ မူဆယ်မြို့နယ် ထိစပ်နေတဲ့ နမ့်ဖတ်ကာအနီးရှိ ခိုမုန်း အထက်လက်နဲ့ မူဆယ်နဲ့ နမ့်ခမ်းကြားရှိ စယ်လန့်ရွာအနီးရှိ ကောင်းမှူး၊ နမ့်ကတ်၊ နမ့်ဆင်တဝိုက် တောင်ကြောတွေမှာ စက်တင်ဘာ ၁၇ ရက်ကစပြီး စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲ ပြန်လည် ပြင်းထန်လာနေတာပါ။
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကစပြီး စစ်ကောင်စီနဲ့ TNLA တို့အကြား တကျော့ပြန်တိုက်ပွဲ ပြင်းထန်လာနေတာပါ။