Home
မြန်မာသတင်း
ဖားကန့်ဆေးရုံတက်နေသည့် စရဖ အရာရှိအပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး
DVB
·
September 26, 2023
382952892_331231609373746_7576189295381969969_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး စက်တင်ဘာ ၂၅ရက် နေ့လယ်က  သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံမှာ လုံခြုံရေးအပြည့်နဲ့ ဆေးကုသမှု ခံယူနေရတဲ့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)ဗိုလ်မှူး စိုးနိုင်ဝင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာခံဗိုလ် တယောက်နဲ့ တပ်ဖွဲ့ဝင် တယောက်တို့ကို  အမည်မသိ လက်နက်ကိုင်အဖွဲ့က ဆေးရုံအတွင်း ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်သတ်သွားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်ဆေးရုံနဲ့ နီးစပ်သူ တစ်ဦးက "ဗိုလ်မှူးက လက်နက်ကိုင်လုံခြုံရေးတွေနဲ့ ဖားကန့်ဆေးရုံမှာ တက်နေတာ။ နေ့လယ် ၂ နာရီလောက်က ကားသုံးစီးနဲ့ ရောက်လာတဲ့ လက်နက်ကိုင် အဖွဲ့က ဝင်ပစ်သွားတာ။  စရဖ ဗိုလ်မှူး အပါအဝင် သုံးဦးသေတယ်။ လုံခြုံရေးယူနေတဲ့ ရဲတွေလည်း ထွက်ပြေးကုန်ရော"လို့ ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ စစ်ဘက်ရေးရာ လုံခြုံရေးရုံးနဲ့ ရဲစခန်းဟာလည်း စက်တင်ဘာ ၂၅ရက် မနက်ပိုင်းက  KIA /PDF အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု ရှိခဲ့ပါတယ်။

စက်တင်ဘာ ၂၁ ရက်ကလည်း ဆိုင်းတောင်ကျေးရွာမှာ ရဲတပ်ဖွဲ့ဝင်တွေ  ဆေးခန်းလာပြစဉ် စီးနင်းလာတဲ့ကားကို အမည်မသိသေနတ်သမားအဖွဲ့က ပစ်ခတ်ခဲ့လို့  ရဲအရာရှိတယောက်နဲ့ ရဲဝန်ထမ်းတယောက်သေဆုံးခဲ့ပြီး  စရဖ အရာရှိတယောက်နဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ယောက်  ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024