စစ်ဆေးခံနေရတယ်လို့ သတင်းထွက်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့ ဖယ်ရှားလိုက်ပါတယ်။
သူ့ရဲ့ဖွဲ့စည်းပုံကို မကြာခဏပြောင်းလဲလေ့ရှိတဲ့ စစ်ကောင်စီဟာ မကြာသေးခင် ဩဂုတ်လဆန်းကမှ သူ့အဖွဲ့ကို ထပ်မံ ပြင်ဆင်ဖွဲ့စည်းထားခဲ့ပါသေးတယ်။
အခုတော့ မသမာမှုတွေနဲ့ စစ်ဆေးခံနေရတယ်ဆိုတဲ့ အဖွဲ့ဝင်တွေကို ဖယ်ရှားပြီး ပြင်ဆင်လိုက်တာဖြစ်ပေမဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်ဘက် မူလတာဝန်တွေ ထမ်းဆောင်ခိုင်းတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
လူအရေအတွက်ကတော့ အရင်လိုပဲ ၁၈ ယောက်ဖြစ်ပြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ကို အစားထိုးထည့်သွင်းလိုက်တာပါ။
ဗိုလ်ချုပ်ကြီး မောင်မောင်အေးဟာ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူးဖြစ်ပြီး ဥရောကသမဂ္ဂ အီးယူရဲ့ ပိတ်ဆို့ ဒဏ်ခတ်ခံထားရသူဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ညိုစောဟာ စစ်ခေါင်းဆောင်ရဲ့ အကြံပေးဖြစ်သလို နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ပါဝင်လာသူဖြစ်ပါတယ်။
အခုပြင်ဆင်တာမှာ အဲဒီအဖွဲ့ဝင် ၂ ယောက်ပဲ ပြောင်းလဲတာဖြစ်လို့ ဖွဲ့စည်းပုံမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌ၊ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒု-ဥက္ကဋ္ဌဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒု ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ဖြစ်ပါတယ်။
အဖွဲ့ဝင်တွေအဖြစ် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒု ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒု ဗိုလ်ချုပ်ကြီးညိုစော၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနဲ့ ဦးရန်ကျော်တို့ ပါဝင်ပါတယ်။
ရာထူးခန့် ရုံးနဲ့နီးစပ်သူတဦးက "ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်က ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်တို့
ညိုအေးတို့ လို စစ်ဘက်ပြန်ရောက်သွားပြီ နေရာကတော့မရှိတော့ဘူး ဝန်ကြီးနေရာကပါ ဖြုတ်ပစ်တာ သူ့နေရာမှာ ဦးအောင်နိုင်ဦးကိုခန့်လိုက်တယ်"လို့ ဒီဗွီဘီ ကိုပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး (၁) ပြည်ထောင်စုဝန်ကြီးအဖြစ်ကနေ အနားပေးကာ သူ့နေရာကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကို ခန့်အပ်ခဲ့ ပါတယ်။
ဦးအောင်နိုင်ဦး တာဝန်ယူထားတဲ့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး နေရာကိုတော့ ဦးထွန်းအုံကို အစားထိုးခန့်အပ်ခဲ့ ပါတယ်။
ဒါ့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီးဦးညွန့်အောင်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဘရန်ရှောင်ကို တာဝန်က အနားပေးခဲ့ ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီလ ၂ ရက်မှ ၂၀၂၃ ခုနှစ် အတွင်း စီမံအုပ်ချုပ်ရေးကောင်စီမှ အနားပေးခံရတဲ့သူတွေကတော့ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊
ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးသိန်းညွန့် ၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဦးမောင်ကို၊ ဒေါက်တာ အောင်ကျော်မင်း၊ ဒေါက်တာ ကျော်ထွန်း တို့ပဲဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်က စီမံအုပ်ချုပ်ရေးကောင်စီကို ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အဖွဲ့ဝင်ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း ၊ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ ၁၁ ဦးနဲ့ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။