မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၃ ရက် ညနေ ၄ နာရီလောက်က ပြည်ထောင်စုလမ်းမပေါ်ရှိ မဇောကျေးရွာအုပ်စု၊ ရွှေကြက်ယက်ဘုရားတောင်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၂၄ ရက်ကလည်း အဲဒီကားလမ်းမပေါ်ရှိ လသာကျေးရွာအနီးမှာ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မိုင်းဆွဲတာက နှစ်နေရာပါ။ လသာရွာမှာက နောက်တနေ့ စောစောပိုင်းမှာ မိုင်းဆွဲတာပါ။ မဇောမှာက စစ်ကားဆွဲခံရတယ်။ လသာမှာက စစ်ကြောင်းဆွဲခံရတာပါ” လို့ ပြောပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ ၁ ဦး ထိခိုက်မှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ တယ်လို့ သိရပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်တာတွေကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က စက်တင်ဘာ ၂၃ ရက်မှာ မိုင်းဆွဲခံရပြီးနောက် ည ၆ နာရီလောက်မှာ မဇောကျေးရွာဘက်ကို လျှပ်စစ်မီး ဖြတ်တောက်လိုက်သေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံပြည်သူတဦးက “၆ နာရီလောက်က မီးဖြတ်လိုက်တာပါ။ ရွာသားတွေတော့ ကြောက်နေကြတယ်။ ပြီးတော့ မဇောရွာမှာ ယောက်ျားတွေကို လိုက်ဆွဲနေတယ်တဲ့။ အရင်က အဲလိုအဖြစ်အပျက်မျိုး မရှိခဲ့ဘူး။ ဘယ်သူတွေပါသွားမှန်းလည်း မသိဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၂၃ ရက် မနက် ၁ဝ နာရီကလည်း တနင်္သာရီမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးက စစ်ဆေးရေးဂိတ်ကို မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၄ဝ မမ အမျိုးအစား လက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်ခဲ့ပါသေးတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း-၂၊ တပ်ခွဲ-၁ နဲ့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး မိနစ် ၃ဝ နီးပါး ကြာမြင့်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါသေးတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကလည်း မြိတ်ကနေ တနင်္သာရီမြို့နယ်ဘက်လာတဲ့ စစ်ကောင်စီရဲ့ ဗီဂိုကားတစီးနဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရပြီးနောက် အရာရှိ ၁ ဦး အပါအဝင် ၇ ဦးခန့် မိုင်းထိမှန်သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။