ရန်ကုန်၊ အင်းစိန်ထောင်တွင်းရှိ သပြေဆောင်၊ အခန်း ၈ မှာ အကျဉ်းကျခံနေရတဲ့ အသက် ၂၀ အရွယ် နိုင်ငံရေးအကျဉ်းသား ကိုမင်းဟိန်းခန့်ဟာ စက်တင်ဘာ ၂၄ ရက် နေ့လယ် ၂ နာရီမှာ နှလုံးရောဂါနဲ့ ဆုံးပါးသွားကြောင်း အင်းစိန်အကျဉ်းထောင် တာဝန်ရှိသူတွေက မိသားစုထံ ဆက်သွယ်လာတယ်လို့ ကိုမင်းဟိန်းခန့်နဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
ကိုမင်းဟိန်းခန့် (ခ) အားကျယ် (ခ) မိုင်လိုဟာ ပုဇွန်တောင်နဲ့ ဗိုလ်တထောင် မြို့နယ်လူငယ်များ သပိတ်ကော်မတီမှ အဖွဲ့ဝင်တဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် ဩဂုတ် ၁၀ ရက်က ဖြစ်ပွားခဲ့တဲ့ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းဖြစ်စဉ်နဲ့ ဆက်စပ်ခဲ့သူတဦး ဖြစ်တာကြောင့် စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ကိုမင်းဟိန်းခန့်နဲ့ နီးစပ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။
“အားကျယ်က ဗိုလ်တထောင် ၄၄ လမ်းဖြစ်စဉ်အဖွဲ့ကပါ။ ဒီနှစ် မေလလောက်မှာ ရောဂါစခံစားခဲ့ရတယ်လို့တော့ သိရပါတယ်။ အခုလည်း ရုတ်တရက် နှလုံးဖောက်ပြီး သေသွားတာလို့ အထဲကနေတဆင့် သိရတယ်။ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေရအောင် မတောင်းဆိုပေးနိုင်ခဲ့လို့ တောင်းပန်ပါတယ်။”
ကိုမင်းဟိန်းခန့် ကွယ်လွန်ချိန်မှာ ပုဒ်မ ၅၀၅-(က)၊ ပက-၃၊ ပက-၅၊ ၃၀၇ အပါအဝင် တခြားအမှုတွေနဲ့ တရားစွဲဆိုခံခဲ့ရပြီး စုစုပေါင်း အလုပ်နဲ့ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသူ ဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
ကိုမင်းဟိန်းခန့်ရဲ့ ရုပ်အလောင်းကို ဒီနေ့သင်္ဂြိုဟ်မယ်လို့ သိရပြီး ဒီနေ့မနက် ၉ နာရီ အင်းစိန်ထောင်ရှေ့ စုရပ်ကို လာရောက်နိုင်ကြောင်းလည်း သူကပြောပါတယ်။
မိသားစုနဲ့ နီးစပ်သူတဦးက “စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချခံထားရပါတယ်။ ရုပ်အလာင်းကိုတော့ ဒီနေ့သင်္ဂြိုဟ်ပါမယ်။ မိသားစုဝင်တွေက အတော်လေး စိတ်ထိခိုက်နေရှာတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။