ချင်းပြည်နယ်၊ မတူပီမြို့နယ်က စစ်ဘေးရှောင်တချို့ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ယောလ်ခရိုင် ရှီမွေးရွာမှာ နေထိုင်ကြပြီး မျှစ်ချိုးကာ စားဝတ်နေရေး ဖြေရှင်းနေကြရတယ်လို့ စစ်ရှောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
မီဇိုရမ်ပြည်နယ် အိုင်ယောလ်ခရိုင် ရှီမွေးရွာက စစ်ရှောင်ပြည်သူတွေဟာ အာဏာသိမ်းမှု အစောပိုင်းကာလကတည်းက မတူပီမြို့နယ်ကနေ သွားရောက် ခိုလှုံနေကြရပြီး ရှီမွေး စစ်ရှောင်စခန်းမှာ လူဦးရေ ၄၀၀ ကျော် နေထိုင်ကြတယ်လို့ သိရပါတယ်။
စစ်ရှောင်တွေဟာ ဒေသခံတွေရဲ့ စိုက်ပျိုးဥယျာဉ်ခြံ၊ ကျောက်ထုတ်လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ကြရပြီး တနေ့ကို အိန္ဒိယငွေ ရူပီး ၅၀၀ နီးပါးရရှိကာ ပုံမှန်အလုပ် မရှိဘူးလို့ သိရပါတယ်။
စစ်ရှောင်တွေဟာ မေလအစောပိုင်းကနေစပြီး အခုအချိန်အထိ တောတောင်တွေမှာ မျှစ်တွေချိုးယူကြရကာ အိုင်ယောလ်မြို့မှာ ရောင်းချရာ တနေ့ဝင်ငွေ ရူပီး ၈၀၀ ကနေ ၁,၀၀၀ ကြား ရရှိကြတယ်လို့ သိရပါတယ်။
စစ်ရှောင်တဦးက “မျှစ်က အောက်တိုဘာလကုန်လောက်အထိ ချိုးလို့ရသေးတယ်။ မျှစ်မရှိရင်တော့ ကျနော်တို့လည်း ဝင်ငွေမရှိဘူး။ နေ့စားက သူများလက်အောက်မှာလုပ်ရတာ ပုံမှန်ဝင်ငွေမရှိဘူး၊ အလုပ်က နေ့တိုင်းမရှိလို့လေ” လို့ ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ ထောက်ပံ့သူမရှိလို့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အခက်အခဲများစွာ ရင်ဆိုင်နေရပါတယ်။
ချင်းပြည်နယ်ရဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူ ၇,၀၀၀ ကျော် ခိုလှုံနေရပါတယ်။