လာမယ့် ၃ လအတွင်း ပြည်ပကို ဆန်တန်ချိန် ၆ သိန်းကျော် တင်ပို့သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။
“လာမယ့် အောက်တိုဘာမှတော့ ဆန်တန်ချိန် ၂ သိန်း လျာထားတယ်။ ဆန်တင်ပို့မှု များလာပေမဲ့ ပြည်တွင်းအတွက်ကတော့ ဖူလုံမှုရှိတယ်” လို့ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။
အိန္ဒိယနိုင်ငံက ဆန်တင်ပို့တာတွေနဲ့ ပတ်သက်ပြီး ကန့်သတ်လိုက်တဲ့အတွက် ပြည်ပဝယ်လက်တွေက မြန်မာ့ဆန်နဲ့ ဆန်ကွဲကို ပိုမိုဝယ်ယူလာပြီး ဈေးတွေလည်း မြင့်တက်လာခဲ့ပါတယ်။
ဧည့်မထ ၂၅ မှတ်တန်ဆန်က တတန်ကို ၅၅၅ ဒေါ်လာရှိပြီး ပြီးခဲ့တဲ့လနဲ့ယှဉ်ရင် တတန်ကို ဒေါ်လာ ၈၀ လောက် ဈေးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငါးလအတွင်း ပြည်ပကို ဆန်တန်ချိန် ၄ သိန်းနီးပါး တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆၆ သန်းခန့် ရရှိထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တနှစ်အတွင်း ဆန်တန်ချိန် ၂ ဒသမ ၅ သန်းခန့် တင်ပို့နိုင်ဖို့ မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ မြန်မာ့ဆန်တွေကို တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်နဲ့ ဥရောပနိုင်ငံတွေကို အဓိကထား တင်ပို့နေတယ်လို့ သိရပါတယ်။