ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေတဲ့ YBS ယာဥ်လိုင်းတွေထဲက လမ်းကြောင်းတခုတည်းမှာ ပြေးဆွဲနေတဲ့ နံပါတ်တူ YBS ယာဥ်လိုင်းတချို့ကို နံပါတ်အသစ်နဲ့ ပြောင်းလဲပြေးဆွဲပေးမှာ ဖြစ်တယ်လို့ ယာဥ်လိုင်းတွေက ထုတ်ပြန်ကြေညာပါတယ်။
အဲ့ဒီယာဉ်လိုင်းတွေကို အောက်တိုဘာ ၁ ရက်မှ စတင်ကာ နံပါတ်အသစ်တွေ ပြောင်းလဲပေမဲ့ ခရီးစဥ်လမ်းကြောင်း အပြောင်းအလဲမရှိ ပြေးဆွဲမှာဖြစ်တယ်လို့ ဆိုပါတယ်။
YBS ယာဥ်မောင်းတဦးက “တရားဝင် စာထွက်မလာသေးဘူး။ အက်ဒ်မင်တွေက YRTC မှာလည်း ရှိတယ်လေ။ အတွင်းသတင်းရလာတော့ တင်လို့ရလို့ အတည်ပြုပြီးလို့ တင်တာ” လို့ ပြောပါတယ်။
YBS ယာဥ်လိုင်းနံပါတ် ပြောင်းလဲပြေးဆွဲမယ့်ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်မှု ကော်မတီ (YRTC) က တရားဝင် ထုတ်ပြန်ထားတာ မရှိပေမဲ့ YBS လမ်းညွှန် group နဲ့ page တွေမှာ ကြေညာထားတာကြောင့် လူမှုကွန်ရက်စာမျက်နှာကတဆင့် သတင်းတွေ ပျံ့နှံ့ခဲ့တာပါ။
ရန်ကုန်တိုင်းအတွင်း လမ်းကြောင်းတခုတည်းမှာ ကုမ္ပဏီနှစ်ခုက ပြေးဆွဲနေတဲ့ လိုင်းတွေကို လိုင်းနံပါတ် ပြောင်းမှာဖြစ်ပြီး ကုမ္ပဏီ ၂ ခု ဖြစ်တာကြောင့် လိုင်းနံပါတ်ကို မဲနှိုက်ပြီး ပြောင်းပစ်မှာဖြစ်တယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။
လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ နံပါတ်ပြောင်းလဲသတ်မှတ်မယ့် ယာဥ်လိုင်းတွေမှာ YBS ၂၁၊ ၇၉၊ ၄၊ ၈၊ ၁၀၊ ၁၁၊ ၁၅၊ ၁၇၊ ၂၉၊ ၃၉၊ ၄၀၊ ၅၉ နဲ့ ၆၅ ယာဥ်လိုင်းတွေ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်ကလည်း ယာဥ်လိုင်းတူပြီး ဂိတ်ရင်း၊ ဂိတ်ဖျား မတူတဲ့ YBS ယာဥ်လိုင်းတွေ နံပါတ်ပြောင်းလဲ သတ်မှတ်တာကို တကြိမ်ပြုလုပ်ခဲ့ပြီး ယာဥ်လိုင်းနံပါတ် အသစ် ၁၅ ခုကို ပြောင်းလဲပြေးဆွဲသွားမယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။