မြန်မာတနိုင်ငံလုံးက အကျဥ်းထောင်တွေမှာ ထောင်ဝင်စာပေးပို့မှုတွေကို စစ်ကောင်စီက ပိုမိုတင်းကျပ် ပြုလုပ်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားများအသိုက်အဝန်းကနေ သိရပါတယ်။
အကျဉ်းဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် စစ်ကောင်စီတပ်က စစ်ဗိုလ်မှူးဟောင်း မျိုးဆွေကို ၂၀၂၃ ခုနှစ် ဇူလိုင်လလောက်မှာ ပြောင်းလဲခန့်အပ်ပြီးနောက် ခုလို တင်ကျပ်လာတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများကွန်ရက် တာဝန်ရှိသူတယောက်က ပြောပါတယ်။
“မျိုးဆွေဆိုတာက တနိုင်ငံလုံးမှာရှိတဲ့ အကျဥ်းထောင်တွေကို အုပ်ချုပ်ရတဲ့ နေပြည်တော်က ညွှန်ကြားရေးမှူးချုပ်ပေါ့။ သူက စစ်ကောင်စီဘက်ကပဲ။ အရင်တုန်းက စစ်တပ်က သင်တန်းကျောင်းအုပ်ဆရာကြီးပေါ့။ သူပြောင်းပြီး ၈ လပိုင်း ၁၅ ရက် နောက်ပိုင်းမှာမှ အကျဥ်းထောင်တွေကို ညွှန်ကြားချက်တခုအနေနဲ့ ဖြစ်လာတာပေါ့နော်။”
ထောင်ကကျွေးတဲ့ အစားအစာတွေထဲမှာ တပတ်မှာမှ အသားဟင်း နှစ်နှပ်စာသာ ရရှိတာကြောင့် အကျဥ်းကျနေသူ အများစုက ပြင်ပက မိသားစုဝင်တွေ၊ အသိမိတ်ဆွေတွေရဲ့ နှစ်ပတ်ကိုတကြိမ် ထောင်ဝင်စာပေးပို့မှုကနေသာ မှီခိုစားသောက်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။
ထောင်ဝင်စာပေးပို့တဲ့အခါမှာ ကော်ဖီထုပ် အထုပ်သေး ၇ ထုပ်၊ ခေါက်ဆွဲခြောက် ၅ ထုပ်၊ ငပိကြော် ၂၀ သား၊ အသားဟင်းတမျိုး၊ မုန့်တမျိုးတို့ကို ပေးပို့ရမယ်လို့ ထောင်ဝင်စာပေးပို့မှုကို တင်းကျပ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အရင်က အကျဥ်းထောင်တွေအပေါ် မူတည်ကာ အကျဥ်းသားတွေအပေါ် ဖိနှိပ်ချင်တဲ့ ထောင်တွေက အကန့်အသတ်နဲ့ လက်ခံပြီး တချို့ထောင်က နားလည်မှုနဲ့ ပိုလက်ခံပေးတာတွေ ရှိပေမဲ့ အခုခါမှာတော့ ကန့်သတ်မှုတွေကို ပိုမိုတွင်တွင်ကျယ်ကျယ် လုပ်လာတယ်လို့ ပြောပါတယ်။
တောင်လေးလုံးအကျဥ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဥ်းသားတဦးရဲ့ ဖခင်က “ကော်ဖီတို့၊ လက်ဖက်တို့၊ ခေါက်ဆွဲခြောက်တို့ကို သူတို့ရောင်းတဲ့နေရာ (ထောင်ဘူးဝရှေ့) က ဝယ်ထည့်ပေးမှရတယ်။ အပြင်ကယူလာရင် ပြန်သယ်သွားခိုင်းတယ်။ သူတို့နားဝယ်ရင်တော့ ခေါက်ဆွဲခြောက် ၁၀ ထုပ်လောက်ထိ ပို့လို့ရတယ်” လို့ ပြောပါတယ်။
ထောင်ဝင်စာကန့်သတ်ခံရတဲ့ ထောင်တွေက မြန်မာနိုင်ငံအနှံ့ရှိ အင်းစိန်ထောင်၊ အိုးဘိုထောင်၊ သာယာဝတီထောင်၊ ဒိုက်ဦးထောင်၊ ဘားအံထောင်၊ ပုသိမ်ထောင်၊ ဖျာပုံထောင်၊ ဟင်္သာတထောင်၊ မြောင်းမြထောင်၊ မအူပင်ထောင်၊ မြင်းခြံထောင်၊ မုံရွာထောင်၊ မကွေးထောင်၊ ပခုက္ကူထောင်၊ သရက်ထောင်၊ ပြည်ထောင်၊ ပေါင်းတည်ထောင်၊ ညောင်ရွှေထောင်၊ မြိတ်ထောင်၊ ထားဝယ်ထောင်၊ ပဲခူးထောင်၊ မြစ်ကြီးနားထောင်၊ စစ်တွေထောင်၊ ကျိုက်မရောထောင် စတဲ့ ထောင်ပေါင်း ၂၀ ကျော်မှာ ထောင်ဝင်စာပေးပို့မှုကို ကန့်သတ်ထားတယ်လို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျဥ်းသားပေါင်း ၂၄,၀၀၀ ကျော်အထိ အကျဥ်းကျခံနေရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။