ရာမညတပ်ခေါင်းဆောင်နိုင်ချမ်းဟာ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ စက်တင်ဘာ ၂၄ ရက်က လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့မနက်က နိုင်ချမ်းဟာ အလယ်စခန်းကျေးရွာကနေ မရော့ချိုင်းရွာသစ် ကျေးရွာဘက်ကို ဆိုင်ကယ်နဲ့ အပြန်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
ရာမညတပ်ဖွဲ့ဝင်နဲ့ နီးစပ်တဲ့ဒေသခံတဦးက “စက်တင်ဘာ ၂၄ ရက်နေ့ မနက် ၉ နာရီလောက်က ဓားထိုးခံရပြီး သေဆုံးသွားတယ်။ နိုင်ချမ်းနဲ့ အတူ ဆိုင်ကယ် ၃ ယောက်စီးလာတာ။ လုပ်ကြံသတ်တာကလည်း အနောက်က လိုက်စီးလာတဲ့သူ” လို့ ပြောပါတယ်။
နိုင်ချမ်းရဲ့ ရုပ်အလောင်းကိုတော့ ရွာသစ်ရွာ သင်္ချိုင်းမှာပဲ မြှပ်နှံလိုက်ပြီး သူ့ကို ဘယ်သူတွေက ဘာကြောင့် လုပ်ကြံသတ်ဖြတ်ခံရတာ မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။
အင်အား ၁၀ ယောက်ကျော်ရှိတဲ့ ရာမညလက်နက်ကိုင်အဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ဒေသအတွင်း မွန်ရွာတွေမှာ ဘိန်းစာရွက်တွေ ရောင်းတဲ့အိမ်တွေ နောက်မရောင်းရဲအောင်လို့ ဆက်ကြေးကောက်တာ ရှိတယ်လို့ ဒေသခံတွေဆီ ကနေ သိရပါတယ်။
ရာမညတပ်ဖွဲ့ဟာ ရေးမြို့နယ် အရှေ့တောင်ပိုင်း ၉ မိုင်ကျေးရွာအရှေ့ခြမ်း မလွှဲတောင်ခြေရင်းနဲ့ ထိုင်းနယ်စပ် ကန်ချနပူရီခရိုင်တို့မှာ အခြေခံ လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။