ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်း Indo City အနီးနဲ့ တောင်ဥက္ကလာဂေါက်ကွင်းမှာ စက်တင်ဘာ ၂၂ ရက် ည ၈ နာရီက ဗုံးပေါက်ပြီးနောက် အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မနေ့ည ၈ နာရီက ဝေဇယန္တာလမ်းမပေါ်ရှိ Indo City အနီးမှာ ဗုံးပေါက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ကားတွေ ရောက်လာချိန် တောင်ဥက္ကလာဂေါက်ကွင်းမှာ ထပ်မံဗုံးပေါက်ခဲ့တာလို့ မြိုခံတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"ဗုံးပေါက်တာ ထိခိုက်မှု မရှိပေမဲ့ တိုင်းစစ်ဦးစီးရုံးကနေ ဗုံးလာထောင်တဲ့သူတွေ မိအောင် ဖမ်းဆိုလို့ ကားတစီးနောက်လိုက်ပြီး ဖမ်းတာ သင်္ဃန်းကျွန်းတံတားဘက်ရော ဘေလီတံတားဘက်မှာပါ စစ်တာ။"
စစ်ကောင်စီတပ်သားတွေက မောင်းနှင်လာတဲ့ ကားတစီးနောက်ကို ဒဂုံဆိပ်ကမ်းမြို့နယ်အထိ လိုက်လံဖမ်းဆီးခဲ့တာလို့ ၉၄ ရပ်ကွက်နေသူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"ည ဆယ်နာရီမှာ စစ်ကားတွေရောက်လာပြီး တိုက် ၂၉ က အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ဖမ်းသွားတယ်၊ ဘာကြောင့် ဖမ်းလဲတော့မသိဘူး။"
ဖမ်းဆီးရခံသူနှစ်ဦးမှာ ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက် C/14၊ တိုက်၂၉ အခန်း ၀၀၁ မှာ နေထိုင်တဲ့ ကိုအောင်မင်းဦးနဲ့ မဌေးဌေးမော်တို့ဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။