ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့အပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အကျော် မော်ဖောင်းနားမှာရှိတဲ့ အမှတ် (၅၀၃) မြစ်ကြီးနားလေတပ်ဌာနချုပ်ပတ်ဝန်းကျင်မှာ စက်တင်ဘာ ၂၄ ရက် မနက် ၇ နာရီခွဲလောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
မော်ဖောင်း ဒေသခံတဦးက “ဒီမနက် အထက်မော်ဖောင်းဘက်မှာ မိုင်းကွဲသလို အသံကြားရတယ်၊ မနက် ၇ နာရီခွဲလောက်ဖြစ်မယ်။ ပေါက်ကွဲသံကတော့ သုံးကြိမ်ကြားတယ်၊ ဘေးအိမ်တွေက လေးခေါက်ကြားတယ်လည်း ပြောနေတာ။ ကျနော်က သုံးကြိမ်ပဲကြားလိုက်တယ်။ အသံကတော့ အဲဒီ လေတပ်စခန်းဘက်လိုပဲ။”
မြစ်ကြီးနားလေတပ်ပတ်ဝန်းကျင်မှာ ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကနေ မနက် ၇ နာရီခွဲလောက်မှာ မြစ်ကြီးနားလေတပ်စခန်းကို ရှော့တိုက်ဒုံးလေးလုံး သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
လေတပ်စခန်းပတ်ဝန်းကျင်မှာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု တစုံတရာကိုတော့ မသိရှိရသေးပါဘူး။
လေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒီဗွီဘီက အတည်ပြုနေဆဲဖြစ်ပါတယ်။