မြန်မာနိုင်ငံက အွန်လိုင်းကနေ လိမ်လည်တဲ့ဂိမ်းတွေအတွက် အင်တာနက် ဝန်ဆောင်မှုပေးနေတဲ့ တရားမဝင် ဆက်သွယ်ရေးလုပ်ငန်း ၆ ခုကို ထိုင်းဘက်က ပိတ်သိမ်းခဲ့တယ်လို့ Thai PBS မှာ ဖော်ပြ ထားပါတယ်။
စက်တင်ဘာ ၂၃ ရက်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းနိုင်ငံရဲ့ အမျိုးသားအသံလွှင့်နဲ့ ဆက်သွယ်ရေးကော်မရှင်နာ(NBTC)ရဲ့ တာဝန်ရှိသူတွေ ပြောကြားချက်ကို ကိုးကား ဖော်ပြ လိုက်တာပါ။
မဲဆောက်မြို့က တရားမဝင်ဆက်သွယ်ရေးလုပ်ငန်း ၂ ခုနဲ့ ချင်းခွန်မြို့မှာ တရားမဝင် ဆက်သွယ်ရေး လုပ်ငန်း ၄ ခုကို ဖမ်းဆီးပိတ်သိမ်းခဲ့ပြီး ဆက်နွှယ်သူ ၃ ယောက်ကိုလည်း တရားမဝင် ရေဒီယို အသံထုတ်လွှင့်မှုနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ NBTC ရဲ့ ဥပဒေရေးရာ တာဝန်ခံ နထော်ပရဆွန်သောက ပြောပါတယ်။
“မဲဆောက်မြို့ရှိ မိုဘိုင်းဖုန်းဝန်ဆောင်မှု အော်ပရေတာအများအပြားကို တောင်းဆိုချင်တာက မြန်မာနိုင်ငံဘက်ခြမ်းက မမီနိုင်တဲ့၊ တနည်း အသုံးပြုလို့မရနိုင်တဲ့ ပြောင်းလဲ တပ်ဆင်ဖို့ တောင်းဆိုချင်ပါတယ်။ နောက်ပြီး ကျနော်တို့ အရေးယူခြင်းက ရှောင်လွှဲနိုင်ဖို့ဆိုရင် ဆက်သွယ်ရေးလိမ်လည်ဂိမ်းတွေကို အင်တာနက်ပေးသုံးတာ မရှိအောင် ဂရုစိုက်စေချင်ပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းက အွန်လိုင်းလိမ်လည်ဂိမ်းတွေ အသုံးပြုနိုင်ဖို့အတွက် ထိုင်းနိုင်ငံဘက်ကနေ ဆင်းကတ်တွေရောင်းချနေတဲ့အဖွဲ့ကို ဝင်ရောက်စီးနင်းပြီး တရာမဝင် နိုင်ငံခြားသား အယောက် ၂၀ ကို ဖုန်းဆင်းမ်ကတ်ပေါင်း ၇,၆၀၀ ကျော်နဲ့ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
Source/Photo. Thai PBS