Home
မြန်မာသတင်း
ယမန်နှစ်ထက် ဆီမီးခွက်များ ၃ ဆကျော်ပိုရောင်းရ
DVB
·
September 24, 2023
382149883_241199698891425_990841090018766217_n

မကြာခင်မှာ သီတင်းကျွတ်ကာလရောက်တော့မှာဖြစ်ပြီး ဆီမီးခွက်တွေအရင်နှစ်ကထက် ၄ ဆလောက်အထိ ပိုရောင်းရတယ်လို့ ဆိုင်တွေဆီက သိရပါတယ်။

မြန်မာတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ သီတင်းကျွတ်ကာလမီးထွန်းပွဲတော်အတွက် မြေစေးနဲ့ပြုလုပ်ထားတဲ့ ဆီမီးခွက်တွေ အရင်နှစ်ကထက် ရောင်းအားကောင်းသလို စျေးနှုန်းလည်း မြင့်တက်လာတယ်လို့ မန္တလေးမှာရှိတဲ့ မြေထည်​လုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

“အရေအတွက်က အများကြီးရောင်းနေရတော့ မမှတ်နိုင်ပေမယ့် ၃ ဆ ၄ ဆ လောက်တော့ ရောင်းအားတက်လာတယ်။ အရင်ကဆို တော်သလင်းလပြည့်ကျော်မှ ဆီမီးခွက်တွေ စရောင်းရတာ။ အခုက ဝါခေါင်လကတည်းက ရောင်းနေရတာ။ သီတင်းကျွတ်ရင် ဒါတွေပဲဝယ်မယ်ဆိုတာသိတော့ ကြိုဝယ်ထားတာထင်တယ်။ မြေစျေးက မတက်ပေမယ့် ကုန်ကြမ်းဖြစ်တဲ့ ရွှေရောင်၊ ငွေရောင် ဆေးတွေလည်း တက်တယ်။ နောက်ပြီး တခြားအရောင်တွေအတွက်သုတ်ရတဲ့ UPG ဆေးတွေက စျေးတက်တဲ့အပြင်ကို အလုပ်သမားစျေးတွေကလည်း တက်လာတော့ ဆီမီးခွက်စျေးတွေ နည်းနည်းလိုက်တက်ရတာပေါ့” လို့ ပြောပါတယ်။

ဆီးမီးခွက်စျေးတွေဟာ အမျိုးအစားပေါ်လိုက်လို့ တခွက်ကို ကျပ် ၂၀ ကနေ ကျပ် ၃၀၀ ကျော် အထိရှိပြီး အရင်နှစ်ကထက် ၅ ကျပ်ကနေ ၅၀ အထိ တက်လာပါတယ်။

သီတင်းကျွတ်ကာလမှာ မြန်မာဓလေ့အရ ဗုဒ္ဓဘာသာဝင်အများစုဟာ အိမ်နဲ့လမ်းတွေမှာ ဖယောင်းတိုင်မီး၊ ဆီမီးခွက်နဲ့ ရောင်စုံမီးပုံးတွေ ချိတ်ဆွဲလေ့ရှိကြပြီး တနှစ်လုံးနဲ့မတူပဲ စျေးနှုန်းမြင့်တက်လေ့ရှိတယ်လို့ ဆီမီးခွက်နဲ့ ရောင်စုံမီးပုံး ရောင်းဝယ်သူတယောက်က ပြောပါတယ်။

“ဆီမီးခွက်တို့၊ မီးပုံးတို့က သီတင်းကျွတ်နားနီးပြီဆို စျေးကောင်းသွားရော။ အခုက တနိုင်ငံလုံး ကုန်စျေးနှုန်းတွေတက်နေတော့ စျေးပိုကောင်းသွားတာပေါ့။ ဒီနှစ်က အွန်လိုင်းပေါ်မှာရော၊ အပြင်မှာရော ရောင်းဝယ်နေတဲ့သူတွေများသလို အရောင်း အဝယ်လည်း ကောင်းပါတယ်” လို့ ပြောပါတယ်။ 

မီးထွန်းပွဲရာသီမှာ လူကြီးမိဘ၊ သက်ကြီးရွယ်အိုတွေကိုပါ ဂါဝရပြု ကန်တော့ တတ်တာကြောင့်  မီးထွန်းပစ္စည်းတွေနဲ့အတူ ကန်တော့ခံပစ္စည်းတွေဖြစ်တဲ့ မုန့်မျိုးစုံ၊ ငှက်သိုက်နဲ့ကြက်ပေါင်းရည်လိုမျိုး ​အာဟာရပစ္စည်းတွေနဲ့ အဝတ်အထည်တွေ လည်း စျေးနှုန်းမြင့်တက်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024