Home
မြန်မာသတင်း
အောင်လံနှင့်မကွေးတွင် ကာကွယ်ရေးပစ္စည်းစက်ရုံနှင့် စစ်သားများ တိုက်ခိုက်ခံရ
DVB
·
September 24, 2023
383159244_340509035102186_6183915303670945505_n

မကွေးတိုင်း၊ အောင်လံမြို့နယ်နဲ့ မကွေးမြို့မှာ စက်တင်ဘာ ၂၃ ရက်နေ့က ကပစ ၁၅ နဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံခဲ့ရတယ်လို့ မကွေးခရိုင် တပ်ရင်း(၂) ဆီကနေ သိရပါတယ်။

အောင်လံမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ (ကာကွယ်ရေးပစ္စည်စက်ရုံ)ကပစ ၁၅ ကို စက်တင်ဘာ ၂၃ ရက်နေ့ မနက် ၂ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးခရိုင်တပ်ရင်း ၂ ရဲ့ တာဝန်ခံ ဗိုလ်စံသျှားက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် မကွေးမြို့ မြို့ပတ်လမ်းနဲ့ အထက(၁)လမ်းဆုံ မီးပွိုင့်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း စက်တင်ဘာ ၂၃ ရက်နေ့ ည ၇ နာရီလောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိ၊ မရှိ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေပြီး အခြေနေကိုသိရတာနဲ့ သတင်းထုတ်ပြန် ပေးသွားမယ်လို့ ပြောပါတယ်။

တိုက်ခိုက်မှုတွေ ပြုလုပ်ပြီးတဲ့နောက်ပိုင်းမှာ အောင်လံမြို့နယ် ကပစ ၁၅ အနီးအနားက ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မွှေနှောက်တာတွေ ပြုလုပ် ကြသလို မကွေးမြို့ပေါ်မှာလည်း လုံခြုံရေးတင်းကျပ်ထားပြီး ပိတ်ဆို့ စစ်ဆေး ခဲ့ကြတယ်လို့ ဆိုပါတယ်။

မကွေးခရိုင်တပ်ရင်း ၂ အနေနဲ့ နေ့လယ် ၁၂ နာရီလောက်မှာလည်း ချောက်မြို့မရဲစခန်း ဘန်ကာကို ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို မကွေးခရိုင်တပ်ရင်း ၂၊ သရက်ခရိုင်တပ်ရင်း ၁၊ ငါး​ပြေမ ပြောက်ကျားတပ်ဖွဲ့၊ တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့၊ ချောက်ပကဖ၊ CGF၊ မြိုင်ပကဖ တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024