အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး အထူးပြု ဥပဒေစိုးမိုးရေး အေဂျင်စီဖြစ်တဲ့ အိန္ဒိယ အမျိုးသား စုံစမ်း စစ်ဆေးရေးအေဂျင်စီ(NIA)ရဲ့ အထူးတရားရုံးက ကွယ်လွန်သူ ဆစ်ခ် ခွဲထွက်ရေး ခေါင်းဆောင် ဟာဒိ(ပ်) ဆင်းဂ်နတ်ဂျာရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ နိုင်ငံမြောက်ပိုင်း မိုဟာလီမြို့မှာ သတိပေးချက် ထုတ်ပြန်ခဲ့ ပါတယ်။
စုံစမ်းစစ်ဆေးရေးအေဂျင်စီက နတ်ဂျာကို စွပ်စွဲခံရသူအဖြစ် နာမည်တပ်ခဲ့တဲ့ အမှုတွဲတစ်ခုမှာ စက်တင်ဘာလအစောပိုင်းက သတိပေးချက် ထုတ်ပြန်ခဲ့ တာပါ။
နတ်ဂျာဟာ ဆစ်ခ်လူဦးရေများတဲ့ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ ဆင်ခြေဖုံးက ဆာရေးမြို့နယ် ဆစ် ဘုရားကျောင်း အပြင်ဘက်မှာ ဇွန် ၁၈ ရက်က ပစ်သတ်ခံခဲ့ ရပါတယ်။
သူဟာ လွတ်လပ်တဲ့ ခါလစ်စတန်နီ နိုင်ငံတည်ထောင်ရေး ပုံစံနဲ့ ဆစ်ခ်မွေးရပ်မြေကို ထောက်ပံ့ခဲ့ပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လမှာ အိန္ဒိယအစိုးရက သူ့ကို "အကြမ်းဖက်" အဖြစ် သတ်မှတ်ခဲ့ ပါတယ်။
ဇွန်လက နတ်ဂျာ အသတ်ခံရမှုနဲ့ အိန္ဒိယအစိုးရ သူလျှိုတွေ ပတ်သက်နေတယ်ဆိုတဲ့ ယုံကြည်လောက်တဲ့ စွပ်စွဲမှုတွေ ကနေဒါ အစိုးရမှာ ရှိခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူ က ပြောခဲ့လို့ အိန္ဒိယအစိုးရက ဒေါသ တကြီး တုံ့ပြန်ခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ နတ်ဂျာဟာ ကနေဒါနိုင်ငံသားပါ။ ကနေဒါ အစိုးရရဲ့ စွပ်စွဲချက်တွေကို အိန္ဒိယက ပယ်ချခဲ့ပြီး အဓိပ္ပါယ်မဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဆစ်ခ်ခွဲထွက်ရေးသမားတွေအရေးနဲ့ ပတ်သက်ပြီး မကြာသေးမီနှစ်တွေအတွင်း ဆက်ဆံရေး ပျက်ပြားခဲ့တဲ့ အိန္ဒိယ ကနေဒါ နှစ်နိုင်ငံဟာ အကြီးတန်းသံတမန်တွေကို အပြန်အလှန် မောင်းထုတ်ကြောင်း ကြေညာခဲ့ပြီး ခရီးသွားအကြံပေးချက်တွေကို အပြန်အလှန် ထုတ်ပြန်ခဲ့ ကြပါတယ်။
Source/Photo-Reuters