ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်မှာ ရန်ကုန်ဘက်ကနေ သထုံဘက်ကို လာတဲ့ ကား ၉ စီးပါ စစ်ကောင်စီယာဉ်တန်းကို ဘီးလင်းနဲ့ သထုံကြားနေရာမှာ ဒေသခံ တော်လှန်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အသေအပျောက် များနိုင်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ ညနေ ၄ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်လှန်ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ KNLA PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
HRS သိန်းငှက်တော်လှန်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “အခုစစ်ဆင်ရေးမှာ KNU/KNLA တပ်ရင်း ၂ တပ်ခွဲ ၃ တပ်ဖွဲ့ဝင်တွေနဲ့ HRS မြေပြင်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး စစ်ကောင်စီ အင်အားအပြည့်ပါတဲ့ ကားတွေကို အရင်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ကြည့်ချိန်မရဘူး။ အပြန်အလှန်ပစ်တာ။ လက်နက်ကြီးက လာသေးတယ်။ စစ်ကောင်စီဘက်က ကားတစီးလုံး ထိခိုက်ပျက်စီးခဲ့သလို အသေအပျောက်များခဲ့တယ်” လို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်အပြီးမှာ ကျန်တဲ့စစ်ယာဉ်တန်းပေါ်က စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ မိနစ်အနည်းငယ်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။