နွေရာသီ ၁၇ ရာစုတွင် ရေးဆွဲခဲ့သော အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပထမဆုံး ခေတ်သစ်ဖွဲ့စည်းပုံတခုဖြစ်သည်။ ရှေးခေတ် ဂရိမြို့ပြနိုင်ငံများတွင် ကိုယ်ပိုင်ရေးသားထားသော ဖွဲ့စည်းပုံအခြေခံဥပဒေများ မရှိမဟုတ် ရှိခဲ့ကြသည်။ သို့တိုင် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေမှာမူ ခေတ်သစ်နိုင်ငံများ၏ အုပ်ချုပ်ရေးအတွက် မူဘောင်တခု ချမှတ်ပေးနိုင်ခဲ့သလို တခြားသော ကမ္ဘာ့နိုင်ငံများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းကိုပါ လှုံ့ဆော်ပေးနိုင်ခဲ့သည့် ဖွဲ့စည်းပုံတခုလည်း ဖြစ်ပေသည်။
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်းလုပ်ငန်းကို ၁၇၈၆ ၌ စတင်ခဲ့သည်။ ထိုအချိန်က နယူးယောက်မှ နိုင်ငံရေးသမားရှေ့နေ အလက်ဇန်းဒါး ဟာမလ်တန်သည် ဖွဲ့စည်းပုံရေးဆွဲရေး ညီလာခံတရပ် ကျင်းပရန် အစီရင်ခံစာတစောင် ရေးသားကာ တင်ပြတောင်းဆိုခဲ့သည်။ ကိုလိုနီ ၁၃ ပြည်နယ်ကြား ၁၇၈၁ တွင် အတည်ပြုလက်မှတ်ထိုးကာ ရေးဆွဲထားသော ကွန်ဖက်ဒရေးရှင်းဆိုင်ရာ ပြဋ္ဌာန်းချက်များက လုံလောက်မှုမရှိတော့ပြီဖြစ်ရာ ထိုပြဿနာကို ဖြေရှင်းဖို့ရန်ဖြစ်သည်ဟု သူ့အစီရင်ခံစာ၌ ဖော်ပြထားသည်။
ဆိုရလျှင် ထိုကွန်ဖက်ဒရေးရှင်းဆိုင်ရာ ပြဋ္ဌာန်းချက်များမှာ အမေရိကန်၏ အစောဆုံး ဖွဲ့စည်းပုံဟု ခေါ်မည်ဆိုလျှင်လည်း မမှားနိုင်ပေ။
စစ်မှ လွတ်လပ်ရေးဆီ
ကွန်ဖက်ဒရေးရှင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်အား တော်လှန်စစ် ဆင်နွှဲသည့်ကာလ ၁၇၇၆-၁၇၇၇ အတွင်း ရေးဆွဲခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်က အမေရိကတိုက်လုံးဆိုင်ရာ ကွန်ဂရက်သည် ကိုလိုနီပြည်နယ်များ၏ အုပ်ချုပ်ရေးအဖွဲ့လည်း ဖြစ်သည်။ ၁၇၇၄ တွင် ပထမအကြိမ် ကွန်ဂရက်သို့ တက်ရောက်လာသည့် ကိုယ်စားလှယ်အဖွဲ့များက ဗြိတိန်၏ မတရားသော အကောက်ခွန်ဥပဒေကို လက်တုံ့ပြန်ဖို့ရန် ဆွေးနွေးခဲ့ကြသည်။ ဗြိတိသျှတို့၏ အကောက်ခွန်ဥပဒေမှာ ပြင်းထန်သည်။ တဖက်စောင်းနင်းဆန်သည်။ ယင်းဥပဒေအရ အခွန်ပေးရန် ငြင်းဆန်သူများကို ပြစ်ဒဏ်ပေးသည်။ ဒါ့အပြင် အခွန်ကောက်ရာတွင်လည်း အုပ်ချုပ်ခံ ကိုလိုနီပြည်နယ်များမှ ကိုယ်စားလှယ်များလည်း မပါဝင်။
ယင်းသို့ ကိုလိုနီပြည်နယ်များ၏ ကိုယ်စားပြုခွင့်မပါဘဲ ထင်တိုင်းကြဲ အခွန်ကောက်နေမှုများကို ကိုလိုနီပြည်နယ်သားများက မကျေနပ်ရာ အဆုံးတွင် လက်နက်ကိုင်ပုန်ကန်မှု ဖြစ်ပေါ်လာခဲ့ပေသည်။ ၁၇၇၅ တွင် ဒုတိယအကြိမ်ကွန်ဂရက် ကျင်းပချိန်မှာတော့ နယ်ချဲ့အင်္ဂလိပ်နှင့် တော်လှန်စစ် ဖြစ်ပွားနေပြီဖြစ်သည်။ ၁၇၇၆ ဇူလိုင် ၄ ရက်တွင် ကွန်ဂရက်သည် အမေရိကန်၏ လွတ်လပ်ရေး ကြေညာစာတမ်းကို ချမှတ် အတည်ပြုခဲ့သည်။ ထိုစာတမ်းကို အမေရိကန်၏ ဦးဆောင်တည်ထောင်သူများဖြစ်သော သောမတ်ဂျက်ဖာဆန်၊ ဂျွန်အဒမ်နှင့် ဘင်ဂျမင်ဖရန်ကလင်တို့ကို ဦးဆောင်ရေးဆွဲခဲ့ကြသည်။
လွတ်လပ်ရေးကြေညာစာတမ်းပါ အချက်များအနက် ပေါင်းစည်းထားသော ကိုလိုနီပြည်နယ်များသည် လွတ်လပ်ရမည်၊ အမှီအခိုကင်းရမည် ဆိုသည့်အချက်ကိုလည်း ထည့်သွင်းထား၏။ နောင်တွင် ပေါ်ပေါက်လာဦးမည့် ကွန်ဖက်ဒရေးရှင်းဆိုင်ရာ ပြဋ္ဌာန်းချက်များမှာလည်း လွတ်လပ်ရေးကြေညာစာတမ်းပါ အချက်များကို ပြန်လည် ထည့်သွင်းထားခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် ပြည်နယ် ၁၃ ခုစလုံးကို ပေါင်းစည်းလိုက်ခြင်းပင် ဖြစ်သည်။ သို့သော် ၁၇၈၆ ရောက်သည့်အခါမှာတော့ အထက်တွင်ဆိုခဲ့သလို ရှေ့နေနိုင်ငံရေးသမား အလက်ဇန်းဒါးဟာမလ်တန် အပါအဝင် တခြားသော ခေါင်းဆောင်ကြီးများက ပြည်နယ်တခုချင်းစီ၏ အာဏာသည် နိုင်ငံတော်အစိုးရ တခုလုံး၏ အချုပ်အခြာဏာကို အားလျော့စေသည်ဟု ဆိုလာသည်။
ဥပမာ- အခွန်ကောက်ခံသည့်ကိစ္စမျိုး၊ တပ်သားသစ် စုဆောင်းရာတွင် တောင်းဆိုရသည့် ကိစ္စမျိုးတွင် ဖြစ်သည်။ ဤသို့ဖြင့် လျော့တိလျော့ရဲနိုင်သည့် ကွန်ဖက်ဒရေးရှင်း ပြဋ္ဌာန်းချက်များကို အစားထိုးရန် ဖွဲ့စည်းပုံအခြေခံဥပဒေတခုကို အလိုရှိခဲ့ကြပါသည်။ ယင်းဖွဲ့စည်းပုံဥပဒေအရ ကွန်ဖက်ဒရေးရှင်းပြည်နယ်များကို တစုတစည်းတည်း စုပေါင်းထားရှိမည် ဖြစ်သည်။
အကြိတ်အနယ် ဆွေးနွေးငြင်းခုံမှု
ဖွဲ့စည်းပုံရေးဆွဲရေး ညီလာခံကို ၁၇၈၇ မေလနှင့် စက်တင်ဘာလတို့တွင် ဖီလာဒဲလ်ဖီးယားတွင် ကျင်းပခဲ့ကြသည်။ ရို့ဒ်ကျွန်းပြည်နယ်ကလွဲ၍ ကိုယ်စားလှယ်အဖွဲ့ ၅၅ ဖွဲ့ တက်ရောက်ခဲ့ကြသည်။ ရိုဒ့်ကျွန်းပြည်နယ်မှာ ခိုင်မာအားကောင်းသော ဗဟိုအစိုးရစနစ်ကို ဆန့်ကျင်ခဲ့သည့်အတွက် ဖြစ်သည်။
ဗြိတိသျှတို့ကို တော်လှန်စဉ်က ဦးဆောင်ခဲ့သော ဂျော့ချ်ဝါရှင်တန်ကို ဖွဲ့စည်းပုံရေးဆွဲရေး ညီလာခံဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။ ရို့ဒ်ကျွန်းပြည်နယ်နည်းတူ အခြားသော ပြည်နယ်များကလည်း ဖက်ဒရယ်အစိုးရအတွက် စိုးရိမ်ခဲ့ကြသည်။ ဖက်ဒရယ်အစိုးရအနေဖြင့် အာဏာဘောင် ကျော်လွန်မည်ကို ၎င်းတို့က စိတ်ပူကြသည်။ ကွန်ဂရက်တွင်လည်း ၎င်းပြည်နယ်များအနေဖြင့် မည်ကဲ့သို့ ကိုယ်စားပြုခွင့်ရနိုင်မလဲ ဆိုသည့် အပေါ်တွင် စိတ်ပူကြသည်။ ပြည်နယ်ကြီးများကလည်း ၎င်းတို့ ပြည်နယ်လူဦးရေ အချိုးအစားအတိုင်း ကိုယ်စားလှယ်ဦးရေ လိုချင်ကြသည်။ ထိုနည်းလည်းကောင်း ပြည်နယ်ငယ်များကလည်း ပြည်နယ်ကြီးများနည်းတူ တူညီသော ကိုယ်စားလှယ်ဦးရေကို အလိုရှိကြသည်။ ဒါတင်မက ကျွန်ပြဿနာမှာလည်း ကျန်ရှိသေး၏။ မြောက်ပိုင်းပြည်နယ်များက ကျွန်စနစ်ကို အလုံးစုံ ဖျက်သိမ်းဖို့ ထောက်ခံကြသည့်တိုင် တောင်ပိုင်းပြည်နယ်များတွင်မူ ကျွန်စနစ်မှာ တရားဝင် ရှိနေသေး၏။ ထိုကိစ္စမှာ သဘောထားကွဲပြားလျက်ရှိသောကြောင့် ဖွဲ့စည်းပုံတွင် မထည့်ဖြစ်တော့ဘဲ တပြည်နယ်ချင်းစီ ကိုယ်တိုင်ဆုံးဖြတ်ရမည့် သီးခြားကိစ္စရပ်အဖြစ် ထားရှိစေခဲ့တော့သည်။
မဟာသဘောတူညီချက်
အထက်တွင် ဖော်ပြခဲ့သော ကိုယ်စားပြုခွင့်ပြဿနာနှင့် ပတ်သက်၍ ဂျိမ်းစ်မက်ဒီဆင်နှင့် အက်ဒမွန်ရန်းဒေါ့ဖ်တို့ ပါဝင်သည့် ဗာဂျီးနီးယား ကိုယ်စားလှယ်အဖွဲ့က အစီအစဉ်များ ချမှတ်ခဲ့သည်။ ၎င်းတို့၏ အစီအစဉ်သည် လုံးဝသစ်လွင်သော အစိုးရပုံစံကို ဖော်ပြထားသည်။ ပြည်နယ်တခုချင်းစီ၏ ကိုယ်စားလှယ် အရေအတွက်မှာ ၎င်းပြည်နယ်၏ စီးပွားရေး (သို့မဟုတ်) လူဦးရေအပေါ် မူတည်မည်ဖြစ်သည်။ ပြည်နယ်ကြီးများက ထိုအစီအစဉ်ကို သဘောတူကြသော်လည်း ပြည်နယ်ငယ်များကမူ သဘောမတူချေ။ နယူးဂျာစီပြည်နယ်မှ ဝီလျံပက်တာဆန်က ထိုအစီအစဉ်ကို တုံ့ပြန်ဖို့ အစီအစဉ်သစ်တခု တင်ပြသည်။ သူ့အစီအစဉ်တွင် ပြည်နယ်တိုင်းကို ကွန်ဂရက်တွင် တူညီသည့်အသံထွက်ခွင့်ပေးဖို့ တောင်းဆိုထားသည်။ ယင်းသို့ အကြိတ်အနယ် ဆွေးနွေးပြီးနောက် ကိုယ်စားလှယ်အဖွဲ့များသည် ကွန်နက်တီကပ်မှ ကိုယ်စားလှယ် ရော်ဂျာရှားမန်း၏ အဆိုပြုချက်ကို အတည်ပြုခဲ့လိုက်သည်။ သူ၏အဆိုပြုချက်မှာ လွှတ်တော်နှစ်ရပ်ထားရှိဖို့ ဖြစ်သည်။ ကြီးသည်၊ ငယ်သည်မဟူ ပြည်နယ်တိုင်းအတွက် တူညီသော ကိုယ်စားလှယ်အရေအတွက် ထားရှိမည့် ဆီးနိတ် ခေါ် အထက်လွှတ်တော်နှင့် လူဦးရေ အချိုးအစားအတိုင်း ကိုယ်စားလှယ်ဦးရေထားရှိမည့် အောက်လွှတ်တော်တို့ ဖြစ်ကြသည်။ ဤဖြေရှင်းမှုကို အမည်တမျိုးပေးလိုက်သည်။ Great Compromise။ မဟာသဘောတူညီချက်။
ယင်းသဘောတူညီချက်အရ ပြည်နယ်တိုင်းသည် အထက်လွှတ်တော်တွင် ၆ နှစ်သက်တမ်း ရှိသည့် လွှတ်တော်အမတ်နှစ်ဦးကို ခန့်အပ်နိုင်မည် ဖြစ်သည်။
အောက်လွှတ်တော်၌ လွှတ်တော်အမတ်တဦး၏ သက်တမ်းမှာ ၂ နှစ်ဖြစ်သည်။ ပြည်နယ်တခုချင်းစီ၏ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်မှာ ၎င်းပြည်နယ်ရှိ လူဦးရေ အပေါ်တွင် မူတည်ပြီး ၁၀ နှစ်တကြိမ် အပြောင်းအလဲ ရှိနိုင်သည်။
ထို့အပြင် သမ္မတရွေးချယ်ရေးနှင့် ပတ်သက်ပြီးလည်း ဆွေးနွေးငြင်းခုန်ခဲ့ကြပြန်သည်။ ညီလာခံကိုယ်စားလှယ် ဂျိမ်းစ်ဝီးလ်ဆင်က သမ္မတကို ပြည်သူက တိုက်ရိုက် ရွေးကောက်ရမည်ဟု အဆိုပြုသည်။ သို့သော် သူ၏အဆိုပြုချက်ကို ကိုယ်စားလှယ်အများစုက သဘောမတူ။ ပြည်သူတွေမှာ ၎င်းတို့ပြည်နယ်အပြင်ဘက်ရှိ နိုင်ငံရေးသမားတွေအကြောင်း ကောင်းစွာမသိကြ။ သည့်အတွက် သမ္မတရွေးချယ်ရာတွင် မှန်မှန်ကန်ကန် ရွေးချယ်နိုင်မည် မဟုတ်။ ထိုအစား ပြည်နယ်တခုချင်းစီမှ ရွေးချယ်ထားသော (electoral college) ရွေးကောက်ခံ ကိုယ်စားလှယ်များကပဲ သမ္မတကို ရွေးကောက်တင်မြှောက်ကြဖို့ သဘောတူခဲ့ကြသည်။ လွှတ်တော်ကိုယ်စားလှယ်များနည်းတူ သမ္မတရွေးချယ်ရာတွင်လည်း ပြည်နယ်တိုင်း၌ တူညီသော ရွေးကောက်တင်မြှောက်သူ အရေအတွက် ရှိကြသည်။
ယင်းသို့ဖြင့် ပြဿနာများဖြေရှင်းပြီး သတ်မှတ်ချက်များ ပြဋ္ဌာန်းပြီးသကာလ ဂျိမ်းစ်မက်ဒီဆင် ခေါင်းဆောင်သည့် ကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပထမဆုံး မူကြမ်းကို ရေးဆွဲခဲ့ပေတော့သည်။
အာဏာခွဲဝေရေး
အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိကျသည်။ စကားလုံးပေါင်း လေးထောင်ကျော်သာ ရှိသည်။ သို့တိုင် လူသန်းပေါင်းများစွာကို အုပ်ချုပ်မည့် အစိုးရယန္တရားအတွက် အခြေခံတခုအဖြစ် ပြဋ္ဌာန်းပေးနိုင်ခဲ့ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ညီလာခံသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့များ၏ သဘောဆန္ဒအရ အစိုးရဌာနများကို ခွဲခြားကာ ၎င်းဌာနများ၏ အာဏာကို အပြန်အလှန်စစ်ဆေး၊ ထိန်းညှိမှုစနစ်ဖြင့် ကန့်သတ်စေလိုကြသည်။ သို့မှသာ အာဏာအလွဲသုံးစားလုပ်မှုများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။ ထို့အပြင် သူတို့ကိုယ်တိုင်မှာ အာဏာကို ဗဟိုမှ ချုပ်ကိုင်ထားသော မင်းဆိုးမင်းညစ်စနစ်ကို (အင်္ဂလိပ်နယ်ချဲ့ကိုဆိုလိုသည်) တော်လှန်လာခဲ့ကြသူများဖြစ်ရာ ဖွဲ့စည်းပုံအရ အသစ်ပေါ်ပေါက်လာမည့် ဗဟိုအစိုးရအပေါ် စိုးရိမ်မကင်း ဖြစ်ခဲ့ကြသည်။ တကယ်တော့ ပြည်နယ်တော်တော်များများက အစိုးရအသစ်၏ အာဏာအလွဲသုံးစားပြုမှု၊ အာဏာဘောင်ကျော်မှု စသည်တို့မှ အသေအချာ အကာအကွယ်ရရှိမှသာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု လက်မှတ်ရေးထိုးဖို့ သဘောတူထားခဲ့ကြခြင်းဖြစ်၏။ ယင်းကဲ့သို့ စိုးရိမ်မှုများကြောင့် အမေရိကန်အစိုးရကို ဥပဒေပြုသည့်ကဏ္ဍ၊ ဥပဒေအရ အကောင်အထည်ဖော် ဆောင်ရွက်ရသည့်ကဏ္ဍ၊ ဥပဒေကို အနက်ပြန်သည့် ကဏ္ဍဟူ၍ အလျားလိုက် အပိုင်းသုံးပိုင်း ခွဲခြားပေးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဖက်ဒရယ်အစိုးရ၊ ပြည်နယ်အစိုးရ၊ ဒေသန္တရအစိုးရဟူ၍လည်း ဒေါင်လိုက်ပိုင်းခြားလိုက်တော့သည်။
လက်မှတ်ရေးထိုး အတည်ပြုကြပြီ
ဤသို့ဖြင့် နောက်ဆုံးမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ၁၇၈၇ စက်တင်ဘာတွင် ပြည်နယ်ကိုယ်စားလှယ်အဖွဲ့များထံ တင်ပြနိုင်ခဲ့ပေသည်။ ပထမဦးစွာ ဝါရှင်တန်ပြည်နယ် ကိုယ်စားလှယ်အဖွဲ့က လက်မှတ်ရေးထိုးသည်။ ပြီးမှ အခြား ၃၈ ဖွဲ့က ရေးထိုးကြခြင်း ဖြစ်သည်။ နောက်တဆင့်မှာ ပြည်နယ် ၁၃ ခုအနက် အနည်းဆုံး ပြည်နယ်ကိုးခုမှ အတည်ပြု ရေးထိုးဖို့ရန် ဖြစ်သည်။ အကြိတ်အနယ် ပြောဆိုဆွေးနွေးပြီးနောက်တော့ နဝမမြောက်ပြည်နယ် နယူးဟမ့်ရှိုင်းယားက နောက်နှစ် ဇွန်လတွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။ သို့ဖြင့် အဆုံးသတ်မှာတော့ ၁၇၈၉ မတ်လတွင် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာဏာသက်ဝင်လာခဲ့တော့သည်။
၁၇၈၉ ဧပြီလကုန်တွင် ဂျော့ချ်ဝါရှင်တန်အား အမေရိကန်၏ ပထမဆုံးသမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်ကြသည်။ ၁၇၉၀ ဖေဖော်ဝါရီလတွင် တရားလွှတ်တော်ချုပ် စတင်လည်ပတ်ပြီးနောက် တလအကြာမှာတော့ ပထမဆုံးသော အမေရိကန်လွှတ်တော်ကို စတင်ခဲ့သည်။
နောက်ဆုံးမှာတော့ အစိုးရအဖွဲ့ ပီပီပြင်ပြင်ပြင် စတင်ပေါ်ပေါက်လာပါတော့သည်။ မေလကုန်မှာတော့ ၁၃ ပြည်နယ်ထဲက ရို့ဒ်အိုင်းလန်းပြည်နယ်သည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ပေတော့သည်။
အခွင့်အရေးများကို အကာအကွယ်ပေးခြင်း
ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု လက်မှတ်ရေးထိုးခြင်းအလုပ်မှာ မည်မျှခက်ခဲကြောင်း အထက်တွင် ထင်ရှားခဲ့ပြီးဖြစ်သည်။ ပြည်နယ်ကိုယ်စားလှယ်အဖွဲ့ဝင် တော်တော်များများက လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့်ကဲ့သို့ နိုင်ငံရေးအခွင့်အရေးများ မရှိကြောင်း ညီလာခံတွင် အခိုင်အမာဆိုကြသည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၎င်းတို့ လက်မှတ်ရေးထိုးခြင်းမပြုမီ နိုင်ငံသားတို့၏ အခြေခံရပိုင်ခွင့်များ ဖော်ပြချက် (Bill of Rights) ကိုလည်း ထပ်မံထည့်သွင်းပေးဖို့ တောင်းဆိုခဲ့ကြပါသည်။ ဒါကို ဖွဲ့စည်းပုံဦးဆောင်ရေးဆွဲသူ တချို့က အစပိုင်းတွင် ဘဝင်မကျ။
ဂျိမ်းစ်မက်ဒီဆင်၏ ၁၇၈၈ တွင် သောမတ်စ်ဂျက်ဖာဆန် ထံသို့ ပေးပို့လိုက်သော စာတစောင်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ တခုတည်းနှင့်ပင်လျှင် အခြေခံအခွင့်အရေးများကို အကာအကွယ်ပေးဖို့ လုံလောက်ပြီဟု ဆိုထားသည်။ နောက်ပိုင်းမှာတော့ ဂျိမ်းမက်ဒီဆင်သည် Bill of Rights ကို လက်ခံခဲ့သည်။ လက်တွေ့ အကြောင်းပြချက်များကြောင့်လည်းကောင်း၊ ကောင်းကွက်များကို တွေ့ရှိရသည့်အတွက်ကြောင့်တကြောင်း လက်ခံလာခြင်းဖြစ်သည်။
အောက်လွှတ်တော်ကိုယ်စားလှယ်တဦး အနေဖြင့် ဂျိမ်းစ်မက်ဒီဆင်သည် ၁၇၈၉ တွင် ပြင်ဆင်ချက် ၁၉ ခုကို အဆိုပြုခဲ့သည်။ သူ၏အဆိုပြုချက် ၁၂ ချက်ကို လက်ခံသဘောတူပြီး ယင်းအနက် ၁၀ ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် Bill of Rights အဖြစ် ထည့်သွင်းခဲ့သည်။
ထိုအချိန်မှစ၍ နောက်ထပ်ပြင်ဆင်ချက်များ ထပ်မံထည့်သွင်းခြင်းမှာ အတော်ပင် နည်းပါးသွားသည်။ အဆိုပြုချက် ထောင်ပေါင်းများစွာ တင်ပြခဲ့သော်လည်း ၁၇ ခုကိုသာ လက်ခံခဲ့သည်။ အပြန်အလှန်စစ်ဆေး၊ ထိန်းညှိမှု စနစ်ကြောင့်လည်း ပါသည်။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည်ဆိုပါက လွှတ်တော်နှစ်ရပ်ကို ဖြတ်သန်းရရုံသာမက အနည်းဆုံး ပြည်နယ်လေးပုံသုံးပုံမှ အတည်ပြု လက်မှတ်ရေးထိုးရမည်ဆိုသည့် အချက်ကြောင့်လည်း ဖြစ်သည်။
အင်္ဂလန်၏လွှမ်းမိုးမှု
အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တမူထူးခြားပြီး သမိုင်းဝင်သော စာချုပ်စာတမ်းတခု ဖြစ်သည်။ သို့သော် မူဘောင်ရေးဆွဲသူများမှာ တခုလုံးကို အလုံးစုံ တော်လှန်ပြောင်းလဲမည် ဆိုကာ ရေးဆွဲဖန်တီးခဲ့ခြင်း မဟုတ်ပါ။ အာဏာပါဝါကြီးလွန်းသော အစိုးရတရပ်၏ အာဏာများကို ထိန်းချုပ်ရန်အတွက် စနစ်တခုပေါ်လာအောင် ဆုံးဖြတ်ခဲ့ကြခြင်းသာဖြစ်သည်။ မည်သို့ရှိစေ ဤမည်သော ဖွဲ့စည်းပုံမှာ မင်းဆိုးမင်းညစ်၏ ခြိမ်းခြောက်မှုမှ ပါလီမန်၏ အခွင့်အရေးများကို ကာကွယ်မည့် အင်္ဂလိပ်တို့ထံမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ သို့သော် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ ဘုရင်အစား သမ္မတကိုပဲ နိုင်ငံ့ဥသျှောင်အဖြစ် သတ်မှတ်ထားသည်။ ဒါတောင် သမ္မတကို ဘုရင်အား ခေါ်ဝေါ်သုံးနှုန်းသလို သုံးကြဖို့ပင် အဆိုတင်သွင်းခဲ့ကြသေးသည်။ ထို့အပြင် သမ္မတကို သက်တမ်းဖြင့်သာ ရွေးကောက်တင်မြှောက်ထားပါသည်။ သို့ရှိစေကာမူ အခြားသောကဏ္ဍ တော်တော်များများမှာတော့ ဗြိတိသျှတို့၏စနစ်နှင့် သွားတူနေသည်ကို တွေ့ရှိရသည်။
ဖွဲ့စည်းပုံနှင့်အညီ ပေါ်ပေါက်လာသော အစိုးရယန္တရားကို ဗဟိုပြုသည့် အယူအဆမှာ အင်္ဂလန်တွင် စတင်ပေါ်ပေါက်ခဲ့သော ပါလီမန်စနစ်၏ အယူအဆလည်း ဖြစ်သည်။ အင်္ဂလန်တွင် အထည်စက်ရုံများ ဖွံ့ဖြိုးလာမှု၊ ၁၅ ရာစု ကုန်သည်လူတန်းစားသစ် ပေါ်ပေါက်လာမှု၊ ချမ်းသာကြွယ်ဝမှု များပြားလာမှုတို့ကြောင့် ထိုလူတန်းစားများမှာ ဘုရင်နှင့် မှူးမတ်တို့၏ လုပ်ငန်းများအပေါ် စိတ်ဝင်စားလာကြသည်။ အထူးသဖြင့် ပြည်သူများထံမှ အခွန်ကောက်ခံရရှိငွေကို မည်သို့သုံးစွဲကြသည်ကို စိတ်ဝင်စားလာကြသည်။ အစိုးရနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုရဖို့ လူထု၏တောင်းဆိုချက်မှာ ၁၆၄၀ အင်္ဂလိပ်ပြည်တွင်းစစ်၌ အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိလာခဲ့ပေသည်။ ထိုကာလအတွင်း ပြည်သူလူထုအပေါ် စစ်ဆင်နွှဲမှု စွပ်စွဲချက်ကြောင့် ပါလီမန်၏ သဘောတူညီချက်ဖြင့် ချားလ်စ်ဘုရင်ကို ကွပ်မျက်လိုက်သည်။ အိုလီဗာကရွမ်းဝဲလ် လက်ထက်က ဓနသဟာယ သမ္မတနိုင်ငံဆိုပြီး ပေါ်ပေါက်လာခဲ့သေးသည်။ သို့သော် ကြာကြာမခံ။ ၁၆၆၀ တွင် ဘုရင်စနစ် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ဤသို့သော အင်္ဂလန်ပြည်တွင်း၏ စုံစီနဖာ အဖြစ်အပျက်များက ဒီမိုကရေစီမျိုးစေ့ကို ပျိုးကြဲပေးခဲ့သလို တိုင်းပြည်အာဏာသည်လည်း ဘုရင့်ထံမှတဆင့် ပါလီမန်ဆီသို့ တရွေ့ရွေ့ ရောက်ရှိလာခဲ့ပေသည်။ ၁၆၈၉ ခုနှစ် ရောက်သည့်အခါမှာတော့ ပါလီမန်၏အရွေ့မှာ ပိုမိုခိုင်မာ အင်အားကောင်းလာခဲ့သည်။ ကြီးမြတ်သော တော်လှန်ရေး ဖြစ်ပွားခဲ့ပြီးနောက် ကက်သလစ်ဘုရင် ဂျိမ်း-၂ လည်း မဖြစ်မနေ နန်းစွန့်လိုက်ရသည်။ ဟော်လန်ပြည်မှ ဘုရင်ဝီလျံနှင့် ဘုရင်မ မယ်ရီကို ဖိတ်ခေါ်ကာ အခွင့်အရေးကြေညာချက် (Declaration of Rights) အရ အုပ်ချုပ်စေခဲ့သည်။ ပါလီမန်က Bill of Rights (နိုင်ငံသားတို့၏အခြေခံရပိုင်ခွင့်) အဖြစ် အနက်ပြန်ဖွင့်ဆိုခဲ့သည်။ အဲ့ဒီ Bill of Rights အရ အင်္ဂလန်နိုင်သားများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ရရှိခံစားလာခဲ့ရသည်။ အင်္ဂလန်၏ Bill of Rights မှာ နောင်တချိန်တွင် အမေရိကန်၏ Bill of Rights အတွက် စံနမူနာတခုလည်း ဖြစ်လာခဲ့သည်။
ဉာဏ်အလင်းပွင့် ခေတ်အတွေးအခေါ် လွှမ်းမိုးမှု
အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးဆောင်ရေးဆွဲကြသူများမှာ ပညာတတ်များ ဖြစ်ကြသည်။ သူတို့သည် ဥရောပ ဉာဏ်အလင်းပွင့်ခေတ်၏ နိုင်ငံရေး၊ ဒဿနရေးရာ ပင်မရေစီး အတွေးအခေါ်များအကြောင်း ကောင်းစွာ လေ့လာသိရှိထားသည်။ အထူးသဖြင့် အင်္ဂလန်မှ ဂျွန်လော့ခ်၊ ပြင်သစ်မှ ရူဆိုးနှင့် မွန်တက်စ်ကျူတို့၏ ဒဿနအမြင်များအကြောင်း ဖြစ်သည်။
ဂျွန်လော့ခ်နှင့် ရူဆိုးတို့မှာ ပြည်သူများ၏ သဘာဝအခွင့်အရေးအကြောင်း ရေးသားကြရာတွင် ထင်ရှားကြသလို မွန်တက်စ်ကျူးမှာမူ ဥပဒေပြုရေး၊ အုပ်ချူပ်ရေး၊ တရားစီရင်ရေး အာဏာမဏ္ဍိုင်သုံးရပ် ခွဲခြားဖို့ လှုံ့ဆော်ရာတွင် အဓိကကျသူဖြစ်သည်။ မွန်တက်စ်ကျူးသည် ပြင်သစ်တွင် ၎င်းကိုယ်တိုင် ကြုံတွေ့ခဲ့ရသော သက်ဦးဆံပိုင် အုပ်ချုပ်ရေးစနစ်ကို ရွံမုန်းသူတယောက်လည်း ဖြစ်သည်။ ဂျွန်လော့ခ်မှာ လူမှုပဋိညာဉ် သီအိုရီကို ဖော်ထုတ်ခဲ့သူတဦးလည်း ဖြစ်သည်။ ၎င်း၏ လူမှုပဋိညာဥ် ဆိုသည်မှာ ဤသို့ဖြစ်သည်။ သဘာဝအားဖြင့် လွတ်လပ်၍ တန်းတူညီသော ပြည်သူများသည် ၎င်းတို့ကို ထိုပဋိညာဉ်အရ အုပ်ချုပ်ရန် သဘောတူကြသည်။ အခြားသူများနှင့် သဟဇာတရှိရှိ နေထိုင်ဖို့အတွက်လည်း ၎င်းတို့၏ ရွေးချယ်ပိုင်ခွင့်အချို့ ကန့်သတ်ခံထားမည်ကိုလည်း သဘောတူညီကြသည်။ ထိုနည်းလည်းကောင်း တိုင်းပြည်အုပ်ချုပ်သူများမှာ ပြည်သူများ၏ အခွင့်အရေးကို ကာကွယ်ပေးရမည်ဖြစ်ပြီး အများပြည်သူ ကောင်းကျိုးအတွက် တိုးမြှင့်လုပ်ဆောင်ရမည်လည်း ဖြစ်သည်။ အုပ်ချုပ်သူအစိုးရက ထိုသို့မလုပ်ဆောင်နိုင်ပါက လူမှုပဋိညာဉ်ကို ဖောက်ဖျက်ရာရောက်ပြီး ပြည်သူတွေက တော်လှန်ပုန်ကန်ပိုင်ခွင့် ရှိမည်ဖြစ်သည်။
ဆိုခဲ့ပါ ဂျွန်လော့ခ်၏ အယူအဆများမှာ များစွာ လွှမ်းမိုးခဲ့သည်ဖြစ်ရာ အမေရိကန်နိုင်ငံ၏ လွတ်လပ်ရေး ကြေညာစာတမ်း အဖွင့်စကားလုံးများ၌ပင် ပဲ့တင်ထပ်နေပါသည်။ လူအားလုံး တန်းတူညီမျှ မွေးဖွားလာပြီး အသက်၊ လွတ်လပ်ခွင့်၊ ပျော်ရွှင်မှုရှာဖွေခွင့် စသော မွေးရာပါ အခွင့်အရေးများ လူတိုင်းတွင်ရှိကြောင်း၊ အစိုးရက အဲသည်အခွင့်အရေးတွေကို အကာအကွယ် ပေးရမှာဖြစ်ကြောင်း၊ အစိုးရဆိုတာ အုပ်ချုပ်ခံတို့၏ သဘောဆန္ဒမှ ပေါ်ပေါက်လာတာ ဖြစ်ကြောင်း စသည့်အယူအဆတို့မှာ များစွာလွှမ်းမိုးခဲ့သည်။ ထိုမျှမက ဂျွန်လော့ခ်သည် လူအများစု အုပ်ချုပ်ရေးကိုလည်း ယုံကြည်သည်။ ဤအချက်နှင့် အုပ်ချုပ်ခံတို့၏ သဘောဆန္ဒသည်သာ အဓိကဆိုသည့် အချက်တို့မှာ ဒီမိုကရေစီ၏ အဓိကရပ်တည်ချက်ဟု လော့ခ်က ရှုမြင်သည်။ အာဏာခွဲဝေရေး အယူအဆများမှာလည်း အမေရိကန်ကွန်ဂရက်ကို ပုံဖော်ရာ၌ အဓိကသော့ချက်တခုလည်း ဖြစ်သည်။
သမ္မတနိုင်ငံလား၊ ဒီမိုကရေစီနိုင်ငံလား
အမေရိကန် ဖွဲ့စည်းပုံကို ခေတ်သစ်ဒီမိုကရေစီ၏ စမှတ်အဖြစ် ရှုမြင်ကြသည်။ “We the people” “ကျနော်တို့ပြည်သူလူထု” ဆိုသည့် စကားလုံးများနှင့် အစချီထားသည့်တိုင် ၁၈၆၅ တွင် သမ္မတလင်ကွန်း ပြောခဲ့သော “ပြည်သူ့အစိုးရ၊ ပြည်သူကရွေးကောက်သောအစိုးရ၊ ပြည်သူ့အကျိုးအတွက်အစိုးရ” ဆိုသည့် ဒီမိုကရေစီစံနှုန်းများကို ထပ်တူ ပဲ့တင်ပြုထားတာတော့ မဟုတ်ပါ။ တည်ထောင်သူ ဖခင်ကြီးများကိုယ်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတနိုင်ငံ၏ အမြင့်ဆုံးဥပဒေအဖြစ် ယူဆကာ ပြည်သူ့အခွင့်အရေး၊ ပြည်သူ့လွတ်လပ်ခွင့်ကို ရပ်တည်ကာကွယ်ပေးမည့် သမ္မတနိုင်ငံ၏ အုတ်မြစ်အဖြစ်သာ သဘောပိုက်ခဲ့ကြပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ဗိသုကာဖြစ်သော ဂျိမ်းစ်မက်ဒီဆင် ကိုယ်တိုင် ၎င်းတို့တည်ဆောက်သည်မှာ သမ္မတနိုင်ငံဖြစ်ပြီး ဒီမိုကရေစီမဟုတ်ဟု ပြောကြားသည်။ သည်နေရာတွင် ဂျိမ်းစ်မက်ဒီဆင် ဆိုလိုသည့် ဒီမိုကရေစီမှာ အစိုးရလုပ်ငန်းများတွင် အရွယ်ရောက်ပြီးသူတိုင်း ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လုပ်ကိုင်ကြသည့် ရှေးခေတ် အေသင်တို့၏ တိုက်ရိုက် ဒီမိုကရေစီစနစ်မျိုးကို ဆိုလိုခြင်းဖြစ်သည်။ အဆိုပါစနစ်မှာ အမေရိကန်လို ကြီးမားကျယ်ဝန်းသည့် နိုင်ငံတနိုင်ငံအတွက် လုံးဝ လက်တွေ့မကျ။ သမ္မတနိုင်ငံကမူ လူထုရွေးကောက်တင်မြှောက်ထားသည့် လူနည်းစု ကိုယ်စားလှယ်အဖွဲ့ဖြင့် အစိုးရယန္တရားကို လည်ပတ်နိုင်သည်ဟု မက်ဒီဆင်က ရှုမြင်သည်။ ၁၈၂၀ တွင် စကော့တလန် တွေးခေါ်ရှင် ဂျိမ်းစ်မီးလ်က အဆိုပါ ကိုယ်စားပြု ဒီမိုကရေစီစနစ်မှာ ခေတ်သစ်ကမ္ဘာ၏ ခမ်းနားကြီးကျယ်သော ရှာဖွေတွေ့ရှိမှုဟုပင် အမွှမ်းတင်ခဲ့သည်။ သူ၏သားဖြစ်သူ ဂျွန်စတူးအက် မီးလ်ကလည်း ပြီးပြည့်စုံသော အစိုးရတရပ်၏ စံပြအမျိုးအစားတခုဟု ပြောကြားခဲ့သည်။
ရှေ့ဆက်ရွေ့လျားတုန်း
ဖွဲ့စည်းပုံအခြေခံဥပဒေညီလာခံသို့ တက်ရောက်ခဲ့ကြသော ကိုယ်စားလှယ်အဖွဲ့များမှာ ၎င်းတို့ သဘောတူ ရေးထိုးခဲ့သော စာချုပ်သည် သမိုင်းဝင်စာချုပ်ဖြစ်မှန်း သိရှိကြသည်။ သို့တိုင် ပြီးပြည့်စုံပြီဟု ၎င်းတို့ မယူဆကြပါ။ ညီလာခံပိတ်ပွဲတွင် အသက် ၈၁ နှစ်အရွယ် ဘင်ဂျမန်ဖရန်ကလင်က ညီလာခံတလျှောက်လုံး ဝါရှင်တန် အသုံးပြုခဲ့သော ကုလားထိုင်၏ “နေမင်း” သင်္ကေတကိုကြည့်ရင်း “ဒါဟာ တက်နေဝန်းပါ၊ နေဝင်ချိန်မဟုတ်ပါဘူး” ဆိုပြီး မှတ်ချက်ပေးခဲ့သည်။ အားနည်းချက်အချို့ ရှိသေးသည့်တိုင် အမေရိကန်ဖွဲ့စည်းပုံမှာ ၎င်းတို့ရရှိဖူးသည့် အရာများအနက် အကောင်းဆုံးအရာ ဖြစ်သည်ဟုလည်း ပြောဆိုခဲ့သည်။
၁၇၈၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တနိုင်ငံလုံးကို အစစ်အမှန် ကိုယ်စားပြုသည့် အစိုးရမျိုး ထွက်ပေါ်မလာခဲ့တာကလည်း အမှန်ပင်ဖြစ်သည်။ ပထမဦးစွာ မဲပေးပိုင်ခွင့်ကိစ္စကိုပဲ ကြည့်ပါ။ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ အမျိုးသားများကသာ မဲပေးပိုင်ခွင့်ရှိသည်။ ၁၅ ကြိမ်မြောက် ဖွဲ့စည်းပုံပြင်ဆင်ချက်မှသာလျှင် အာဖရိကန်-အမေရိကန် အမျိုးသားများသည် ၁၈၇၀ ၌ မဲပေးခွင့်ရခဲ့သည်။ ၁၉၂၀ တွင် ပြုလုပ်ခဲ့သော ၁၉ ကြိမ်မြောက် ပြင်ဆင်ချက် ထွက်လာမှသာ အမျိုးသမီးများ မဲပေးခွင့် ရရှိခဲ့သည်။ အမေရိကန် အင်ဒီးယန်းတွေကို ပထမဆုံး မဲပေးခွင့်ပြုခဲ့သော ပြည်နယ်များမှာ ၁၉၂၄ မှ စတင်ခဲ့သည်။ မည်သို့ရှိစေ နိုင်ငံတော်အာဏာမှာ ပြည်သူထံမှ ဆင်းသက်လာသော အာဏာဖြစ်သည့်အကြောင်း၊ နိုင်ငံသားအခွင့်အရေးများကို ကာကွယ်ဖို့ အာဏာကို ကန့်သတ်ရမည်ဖြစ်ကြောင်း စသဖြင့် ဖော်ပြပါရှိသော အမေရိကန် ဖွဲ့စည်းပုံမှာ ယခုအခါမှာတော့ ကမ္ဘာတဝန်းက စံနှုန်းတရပ်အဖြစ် သတ်မှတ်လက်ခံထားသော ခေတ်သစ်ဒီမိုကရေစီအစိုးရ ပုံစံတရပ်ကို မျိုးစေ့ချမှတ်ပေးခဲ့သည်မှာ ပကတိ အရှိတရားပင် ဖြစ်တော့သည်။
သပြေညို