မြန်မာပြည်တွင်း ပဲခူးမြို့အနီး ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၁ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု စက်တင်ဘာ ၂၃ ရက် ညပိုင်းက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။
မနေ့ည မြန်မာစံတော်ချိန် ည ၈ နာရီ ၅၄ မိနစ်၊ ၃၅ စက္ကန့်အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၂၇ မိုင်ခန့်ကွာဝေးတဲ့ ပဲခူးမြို့ အနောက်တောင်ဘက် ၁၂ မိုင်ခန့်အကွာ ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာဖြစ်ပါတယ်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကို ပဲခူးနဲ့ ရန်ကုန်က မြို့နယ်အတော်များများမှာ နေထိုင်သူတွေ သိရှိခံစားခဲ့ရပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေတော့ မကြားသိရသေးပါဘူး။
မနေ့ညနေ မြန်မာစံတော်ချိန် ၅ နာရီခွဲကျော်လောက်ကလည်း ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် ၆၇ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ဒိုက်ဦးမြို့ရဲ့ အနောက်ဘက် ၂၁ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၃.၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားပါတယ်။