မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က KNU တပ်မဟာ ၁ ဌာနချုပ်ရုံးဟောင်းနဲ့ ဗျူဟာရုံးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ချောင်းဦး မြို့နယ်မှာတော့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ ဌာနချုပ် ရုံးဟောင်းနဲ့ ဗျူဟာရုံးကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။
အဲဒီနေရာတွေမှာ လူမနေတော့တာကြောင့် လူအထိအခိုက်တော့ မရှိဘဲ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်နေခဲ့ပြီး အခုဆိုရင် စစ်ကောင်စီဘက်က လေကြောင်းနဲ့ပါ စတင်တိုက်ခိုက်လာနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ချောင်ဦးမြိုနယ်မှာတော့ ငါးယှန်ရွာနားက စစ်ကောင်စီအထိုင်ချ စစ်ဆေးရေးစခန်းတခုကို ဗမာ့အမျိုးသား တော်လှန်ရေးတပ်မတော် BNRA က စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
တော်လှန်ရေးတပ် တာဝန်ရှိသူက “တိုက်တာက လမ်းပေါ်မှာ တက်တက်ပြီး ခရီးသွားတဲ့ ပြည်သူတွေဆီက ဆက်ကြေးတောင်းတာတွေလုပ်လို့ အခုလို တိုက်ရတာဗျ။ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာဗျ။ ဗုံးသီးက ပေါက်ကွဲအားကောင်းတဲ့ အမျိုးအစား ၃ လုံးချ တိုက်ခိုက်ခဲ့တာ။ ခွေးအသေကတော့ စုံစမ်းနေဆဲပါ။ ကိုယ့်ဘက်ကတော့ ဒရုန်းနဲ့ တိုက်တာဆိုတော့ ရဲဘော်တဦးတယောက်မှ အထိခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။