မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက ချောက်မြို့မ ရဲစခန်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့-CGF ဆီကနေ သိရပါတယ်။
ချောက်မြို့မရဲစခန်းရဲ့ ဘန်ကာကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်ပစ်ဗုံး တလုံးနဲ့ ရှောင်တခင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ CGF ရဲ့ ဒုတိယခေါင်းဆောင် ဗိုလ်ပေတက ဒီဗွီဘီကို ပြောပါတယ်။
ပစ်ခတ်လိုက်တဲ့ လက်ပစ်ဗုံးက ရဲစခန်းဘန်ကာထဲကို တည့်တည့် ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ ရှိနိုင်ပေမယ့် အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
“အဲဒီအချိန်မှာ ဒီကောင်တွေက လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တော့ ကျနော်တို့ ဘက်ကလည်း ၃ ချက်ပြန်ပစ်ခဲ့တယ်ဗျ။ သူတို့ဘက်က သခင်ဖိုးလှကြီး ပန်းခြံရှေ့အထိ လိုက်လံပစ်ခတ်ကြတယ်” လို့ ပြောပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်ဟာ မြို့ဝင်မြို့ထွက်ဂိတ်တွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ခရီးသွားပြည်သူတွေကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ကြပြီး လူငယ် ၃ ယောက်ကိုလည်း ဖမ်းဆီးသွားကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့-CGF၊ ချောက်မြို့နယ် ပကဖ၊ မြိုင်မြို့နယ်ပကဖနဲ့ မကွေးခရိုင်တပ်ရင်း ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်း ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။