တရုတ်နိုင်ငံမှာ ကျင်းပမယ့် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲအတွက် အိန္ဒိယ အားကစားသမား တချို့ကို ဘောင်မဝင် တန်းမဝင် ဗီဇာတွေ ထုတ်ပေးမယ့် တရုတ်ရဲ့ဆုံးဖြတ်ချက်ကို အိန္ဒိယနိုင်ငံက စက်တင်ဘာ ၂၂ ရက်မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တခုမှာ ပြောကြားခဲ့ပါတယ်။
အရွန်နာချယ်လ် ပရာဒေ့ရှ်ပြည်နယ်မှ ဝူရှူးတိုက်ခိုက်ရေးသမားတွေအဖြစ် ယှဉ်ပြိုင်မယ့် အားကစားသမား ၃ ဦးကို ဗီဇာတံဆိပ်တုံး ထုပေးရမယ့်အစား ကန့်သတ်ဗီဇာတွေ ထုတ်ပေးခဲ့တာ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အိန္ဒိယနိုင်ငံဟာ ကန့်သတ်ဗီဇာကို တရားဝင်ဗီဇာလို့ လက်မခံပါဘူး။
အာရှအိုလံပစ်ကောင်စီရဲ့ ကျင့်ဝတ်ကော်မတီ ဥက္ကဋ္ဌ ဝေ့ဂျီကျုံးက တရုတ်နိုင်ငံဟာ အားကစားသမား တွေ ဝင်ရောက်ခွင့်ကို ငြင်းပယ်ခြင်း မရှိကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
စာရွက်လွတ်တွေပေါ်မှာ ဗီဇာထုတ်ပေးခြင်း အလေ့အထဟာ ၂ နိုင်ငံ နယ်စပ်အနီးမှာ တည်ရှိတဲ့ အရွန်နာချယ်လ် ပရာဒေ့ရှ်ပြည်နယ်အပေါ် အိန္ဒိယရဲ့ အချုပ်အခြာအာဏာကို တရုတ်ရဲ့ မေးခွန်း ထုတ်နေတဲ့ နည်းလမ်းအဖြစ် မြင်တွေ့ရပါတယ်။
ဒါကို ကန့်ကွက်တဲ့အနေနဲ့ အိန္ဒိယအားကစား ဝန်ကြီး အနုရဂ် ထာကိုရ် ဟာ အားကစားပြိုင်ပွဲတွေဆီ သူ့ရဲ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အိန္ဒိယ အိုလံပစ်အသင်းနဲ့ အိန္ဒိယ ဝူရှူးအသင်းတို့က မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။
ပေကျင်းဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အရွန်နာချယ်လ် ပရာဒေ့ရှ်ပြည်နယ်မှာ နေထိုင်သူတွေ ကို တရုတ်နယ်မြေ တောင်ပိုင်းတိဗက်ရဲ့ အစိတ်အပိုင်းဖြစ်တယ် ဆိုပြီး ဗီဇာထုတ်ပေးခဲ့ပါတယ်။
အရွန်နာချယ်လ် ပရာဒေ့ရှ်ဟာ အိန္ဒိယရဲ့ ထာဝရပိုင်နက်ဖြစ်ကြောင်း ပြောကြားပြီး တရုတ်ရဲ့ ယူဆထားချက်ကို နယူးဒေလီက ငြင်းဆိုထားပါတယ်။
Source/Photo-Reuters