ပေါ်တူဂီနိုင်ငံမှာ စာသင်နှစ် စဖွင့်ချိန်မှာပဲ ရာနဲ့ချီတဲ့ ကျောင်းဆရာ၊ ဆရာမတွေနဲ့ တခြားပညာရေးဝန်ထမ်းတွေဟာ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်အခြေအနေတွေနဲ့ မြင့်မားတဲ့ လုပ်ခလစာတွေ တောင်းဆိုဖို့ စက်တင်ဘာ ၂၂ ရက်က မြို့တော် လစ္စဘွန်းမှာ ချီတက်ခဲ့ကြပါတယ်။
အလုံးစုံ ပညာရေး ကျွမ်းကျင်ပညာရှင်များသမဂ္ဂ (STOP) မှ စီစဉ်ကျင်းပတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ အတွင်း ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြတဲ့ ဆန္ဒပြသူတွေဟာ ပညာရေးဝန်ကြီး ယိုအောင်း ကော်စ်တာကို ရာထူးက ဆင်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ကျောင်းဆရာတွေဟာ အနိမ့်ဆုံးလစာ ပမာဏအားဖြင့် တလကို ယူရို ၁,၁၀၀ ဝန်းကျင်လောက် ရရှိကြပြီး ထိပ်တန်းအဆင့်ကို ရောက်ရှိတဲ့ ဆရာအနည်းငယ်တောင်မှ ပုံမှန်အားဖြင့် လစဉ် ယူရို ၂,၀၀၀ ကနေ ၂,၄၀၀ ရရှိကြပါတယ်။
အထူးသဖြင့် လူနေမှုစရိတ်တွေ အကျပ်အတည်းကြောင့် လက်ရှိလုပ်ခလစာ နည်းပါးလွန်းတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ကျောင်းဆရာတွေဟာ သူတို့နေအိမ်နဲ့ဝေးတဲ့ ကျောင်းတွေမှာ မကြာခဏ တာဝန်ချထားခံရပြီး သူတို့ရဲ့ အခြေအနေ တိုးတက်စေဖို့ အစိုးရက အနည်းငယ်မျှသာ လုပ်ဆောင်ပေးခဲ့ကြောင်းလည်း ဆရာတွေက ပြောပါတယ်။
ပေါ်တူဂီပါလီမန် အပြင်ဘက်မှာ ပြီးဆုံးသွားတဲ့ အဲဒီဆန္ဒပြမှုဟာ ကျောင်းသပိတ်အပြီး သီတင်း တပတ်ကြာမှာဖြစ်ပွားခဲ့ပြီး STOP သမဂ္ဂက သူ့အဖွဲ့ဝင်တွေကို စာသင်နှစ်တလျှောက်လုံး ဆက်လက်စည်းရုံးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters