ရန်ကုန်၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းမှာ စက်တင်ဘာ ၂၁ ရက်၊ ညပိုင်းက ဝါယာရှော့ဖြစ် မီးလောင်ခဲ့တာကြောင့် အိမ် ၁ လုံးနဲ့ ကား ၁ စီး မီးလောင် ပျက်စီးသွားတယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
ဆယ်မိုင်ကုန်း၊ အောင်သုခလမ်းမှာ ည ၁၀ နာရီ ၂၂ မိနစ်လောက်က မီးလောင်မှုသတင်း ရရှိခဲ့တာကြောင့် အင်းစိန်မြို့နယ်မီးသတ်ယာဉ်၊ အင်းစိန်ကြက်ခြေနီအသင်းတို့က ပူးပေါင်းငြှိမ်းသတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အင်းစိန်ကြက်ခြေနီအသင်းဝင်တယောက်က “အောင်သုခလမ်းထဲက ကားဂိုထောင် တွဲထားတဲ့ အိမ်လောင်တာ။ မီးကြိုးကနေ တဆင့်လောင်တယ်လို့ သိရတယ်။ အပေါ်ကနေ အောက်ထပ်ကို မီးကူးပြီး JETOUR (ဂျက်တိုး) ၁ စီးပါ လောင်သွားပါတယ်။ ၁ ဦး မှန်ရှ ဒဏ်ရာရပါတယ်” လို့ ပြောပါတယ်။
ကားဂိုထောင်နဲ့တွဲလျက် ၂ ထပ်အိမ်ရဲ့ အပေါ်ထပ်ကနေ ဝါယာရှော့ဖြစ် မီးလောင်ခဲ့ရာကနေ အိမ်အောက်ထပ် ကားရပ်ထားတဲ့နေရာကို ကူးစက်ခဲ့တာ ဖြစ်ပါတယ်။
မီးလောင်မှုကြောင့် ၂ ထပ်နေအိမ် တခုလုံးနဲ့ JETOUR အမျိုးအစား အိမ်စီးကား ၁ စီး မီးလောင်ပျက်စီးသွားပြီး လက်ပြတ်ရှဒဏ်ရာ ရရှိခဲ့တဲ့ မီးငြှိမ်းသတ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကို ကြက်ခြေနီအသင်းက ကုသပေးခဲ့ပါတယ်။
မီးသတ်ယာဉ်တွေ ငြှိမ်းသတ်ခဲ့တာကြောင့် ည ၁၀ နာရီ ၃၄ မိနစ်မှာ မီးထိန်း၊ ၁၀ နာရီ ၄၁ ခန့်မှာ မီးငြိမ်းသွားပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မီးသတ်တပ်ဖွဲ့က စစ်ဆေး တွက်ချက်နေဆဲ ဖြစ်ပါတယ်။